ကျောက်ဆည်တွင် PDF ကိုမိအောင်ဖမ်းပြမယ်ဟု ကြွေကြော်ထားသူ မွေးကု လက်ထောက်ညွှန်ကြားရေး မှူး ပစ်ခတ်ခံရ

ကျောက်ဆည်တွင် PDF ကိုမိအောင်ဖမ်းပြမယ်ဟု ကြွေကြော်ထားသူ မွေးကု လက်ထောက်ညွှန်ကြားရေး မှူး ပစ်ခတ်ခံရ

ကိုခင်မောင် (မဇ္စျိမ)။ ။မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ရှိ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးရေးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ပစ်ခတ်ခံရ၍ အရေးပေါ်ဆေးကုသမှု ခံယူနေရသည်ဟု Kyaukse Revolution Army (KRA) တာဝန်ရှိသူထံမှ သိရသည်။

“သူက PDF ကို ကိုယ်တိုင်မိအောင်ဖမ်းပြမယ်ဆိုပြီး ရပ်ကွက်ထဲ ကြွေးကြော်ထားသူပါ။ ပစ်ခတ်ခံရပြီးတဲ့ နောက်မှာ ဝဲရင်အုံကျည်ဖောက်ဝင်ဒဏ်ရာနဲ့ မန္တလေးဆေးရုံကြီးမှာ အရေးပေါ်တင်ထားရပါတယ်” ဟု KRA မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုအောင်က မဇ္စျိမသို့ ပြောသည်။

ပစ်ခတ်ခံရသူမှာ ဦးကျော်မင်းဦးဆိုသူဖြစ်ပြီး ၎င်းသည် စစ်ကောင်စီတပ်နှင့်ပူးပေါင်းကာ ဆက်ကြေး ကောက်ခံခြင်း၊ အခွန်များကို တိုးမြှင့်ကောက်ခံရန် ညွှန်ကြားခြင်းများ ပြုလုပ်နေသူဖြစ်သည်ဟု ဆိုသည်။

နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် ၎င်းဖွင့်ထားသော “ကျော်”ဆေးဆိုင်သို့ လာနေစဥ် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု KRA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Kyaukse Revolution Army (KRA) နှင့် Kyaukse People Defense Force (KPDF) များက ၉ မမ ကျည်ဆန်များဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု သိရသည်။

မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးသည် စစ်တပ် က အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့်ပူးပေါင်းကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ခြိမ်း ခြောက်နေသူဖြစ်ကြောင်းလည်း ကိုအောင်က ဆိုသည်။

“အတွင်းသတင်းအရ နိုဝင်ဘာလ ၄ ရက်နေ့က သေဆုံးသွားပြီလို့ ကြားရပေမယ့် ကျွန်တော်တို့အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး” ဟုလည်း ၎င်းက ဆက်ပြောသည်။

ဦးကျော်မင်းဦးအား ပစ်ခတ်ပြီးနောက် ၎င်းအသုံးပြုနေသော လက်ကိုင်ဖုန်းအား သိမ်းဆည်းရရှိထားပြီး စစ်ကောင်စီတပ်နှင့် ပူးပေါင်းလုပ်ဆောင်နေသော အပေါင်းအပါများ၏ အချက်အလက်များကိုလည်း ရရှိထားသည်ဟု ကိုအောင်က ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်း Kyaukse Revolution Army (KRA)နှင့် မဟာမိတ်များ ပူး ပေါင်းကာ ကူမဲမြို့နယ်မှ ရဲတပ်ကြပ် လှမိုးခိုင်ဆိုသူအား ပစ်ခတ်ခဲ့၍ သေဆုံးခဲ့သည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ