ကန့်ဘလူတွင် ကျေးရွာ၂ ရွာမီးရှို့ဖျက်ဆီးခံရ၊ နေအိမ် ၇၂ လုံးပျက်စီး

ပုံအညွှန်း။ ။ ဇန်နဝါရီလ ၁၂ ရက်တွင် စစ်ကောင်စီတပ်မီးတင်ရှို့ခဲ့သော မင်းကုန်းရွာနှင့် ညောင်ဇင်ကြီးရွာ မြင်ကွင်း (ဓာတ်ပုံ။ ။ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့)

ပုံအညွှန်း။ ။ ဇန်နဝါရီလ ၁၂ ရက်တွင် စစ်ကောင်စီတပ်မီးတင်ရှို့ခဲ့သော မင်းကုန်းရွာနှင့် ညောင်ဇင်ကြီးရွာ မြင်ကွင်း (ဓာတ်ပုံ။ ။ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့)

ကိုခင်မောင်

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်အတွင်းရှိ ကျေးရွာနှစ်ရွာအား စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးသည့်အတွက် လူနေအိမ် ၇၂လုံး မီးလောင်ပျက်စီးသွားကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရသည်။

“မင်းကုန်း(က)ရွာက နေအိမ် ၄၂ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။ ညောင်ဇင်ကြီးရွာမှာတော့ လူနေအိမ် ၃၀လုံး မီးလောင်သွားတာဗျ။ ဒီနေ့မနက်က အဲ့စစ်ကြောင်းက ချင်မြစ်ကျင်းရွာထဲ ရောက်ရှိနေပါတယ်။ လက်နက်ကြီးတွေနဲ့ ဘေးပတ်ပတ်လည်ရွာတွေကို ရမ်းသန်းပစ်ခတ်နေတယ်။ ဒီဘက်ရွာတွေအကုန်လုံးက စစ်ဘေးတိမ်းရှောင်နေကြရပါတယ်” ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

ကန့်ဘလူမြို့နယ်၊ ညောင်ဇင်လေးရွာရှိ ပျူ‌စောထီးဆိုသူများ၏ အထိုင်စခန်းမှ ထွက်ခွာလာသည့် အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းသည် ယမန်နေ့ ဇန်နဝါရီလ ၁၂ရက် နံနက် ၁၁နာရီ ၁၅မိနစ်အချိန်တွင် မင်းကုန်း(က)ရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်၍ လူနေအိမ်များအား မီးတင်ရှို့ခဲ့ခြင်းဖြစ်ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှတာဝန်ရှိသူက မဇ္စျိမအားပြောသည်။

ထို့နောက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင်မင်းကုန်း(က)ရွာမှတဆင့် ညောင်ဇင်ကြီးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ကာ လူနေအိမ်များအား ထပ်မံမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတာဝန်ရှိသူထံမှ သိရသည်။

ကန့်ဘလူမြို့နယ်၊ တင်ငုတ်ကြီးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးဆိုသူများ၏ ပူးပေါင်းတပ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီလ ၁၁ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများအား စစ်ကောင်စီပူပေါင်းတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုစစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းသည် ဇန်နဝါရီလ ၁၁ ရက်နေ့တွင်လည်း ထန်းကုန်းတိုက်နယ်အတွင်းရှိ တောင့်တည်းကုန်း၊ကိုးမြို့နှင့် သရက်ခေါင်းရွာတို့အား မီးရှို့ဖျက်ဆီးခဲ့ရာ တောင့်တည်းကုန်းရွာမှ လူနေအိမ် ၁၂ လုံး၊ သရက်ခေါင်းရွာမှ လူနေအိမ် ၃၁ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး ကိုးမြို့ရွာမှ မီးလောင်ပျက်စီးဆုံးရှုံးမှု စာရင်းအား ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု ကျွန်းလှတက်ကြွက်လှုပ်ရှားသူများအဖွဲ့ထံက သိရသည်။

ညောင်ဇင်ကြီးရွာသည် ယခင်က စစ်ကောင်စီတပ်ဖွဲ့များ၏ မီးရှို့ဖျက်ဆီးခြင်းကို သုံးကြိမ်တိုင်ခံထားရပြီး နေအိမ် ၃၈ လုံး မီးလောင်ပျက်စီးထားရာ ယခုတကြိမ်အပါအဝင် စုစုပေါင်းနေအိမ် ၆၈ လုံး မီးလောင်ပျက်စီးထားကြောင်း ယင်းအဖွဲ့က ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းက နှစ်ရက်ဆက်တိုက် မီးရှို့ ဖျက်ဆီးနေခြင်းကြောင့် ထန်းကုန်းတိုက်နယ်အတွင်းရှိ ကျေးရွာငါးရွာမှ နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးဆုံးရှုံးထားပြီး ကန့်ဘလူမြို့နယ်တွင် စစ်ဘေးရှောင်ကျေးရွာ ၁၁ ရွာအထိ ရှိလာပြီဖြစ်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး