ဘီလျံနာ ဝန်ကြီးချုပ်ဟောင်းက ဂျော်ဂျီယာအသင်းကို ပေါင် ၈.၄ သန်း ပေးအပ်

By PKThawn

ဂျော်ဂျီယာတို့ဟာ ယူရို ၂၀၂၄ မှာ ပေါ်တူဂီကို အနိုင်ယူပြီးနောက် ဝန်ကြီးချုပ်ဟောင်း ဘစ်ဇီနာ အိုင်ဗင်နစ်ရှ်ဗီလီက နိုင်ငံဘောလုံးအသင်းကို ပေါင် ၈.၄ သန်း ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

ပြင်သစ်နောက်ခံလူဟောင်း ဝီလီဆစ်ဂ်ညော ကိုင်တွယ်တဲ့ ဂျော်ဂျီယာအသင်းဟာ ဗုဒ္ဓဟူးနေ့က ပေါ်တူဂီကို ၂-၀ ဂိုးနဲ့ အနိုင်ယူပြီး စပိန်နဲ့ ရင်ဆိုင်ရမယ့် ရှုံးထွက် (၁၆) သင်းအဆင့်ကို တက်လှမ်းခဲ့တာပါ။

အာဏာရ ဂျော်ဂျီယာအိပ်မက်နိုင်ငံရေးပါတီကို တည်ထောင်ခဲ့သူတဖြစ် ၂၀၁၂ မှာ နိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်လာသူ အိုင်ဗန်နစ်ရှ်ဗီလီက ပေါ်တူဂီကို အနိုင်ရခြင်းဟာ “သမိုင်းဝင် အိပ်မက် အောင်ပွဲ”ဖြစ်တယ်လို့ ပြောပါတယ်။

အသင်းဟာ စပိန်ကိုလည်း အနိုင်ယူနိုင်ခဲ့ရင် ကစာသမားတွေနဲ့ နည်းပြဝန်းထမ်းတွေကို နောက်ထပ် ပေါင် ၈.၄ သန်း (ဂျော်ဂျီယာ လာရီ သန်း ၃၀) ကို လှူဒါန်းမယ်လို့ အသက် ၆၈ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်းက ပြောပါတယ်။

အိုင်ဗန်နစ်ရှ်ဗီလီဟာ ဂျော်ဂျီယာမှာ မွေးဖွားခဲ့ပြီး ဘဏ်လုပ်ငန်း၊ ကွန်ပျူတာနဲ့ သတ္တုလုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံမှုတွေဖြင့် ၁၉၉၀ ပြည့်နှစ်များအတွင်း ရုရှားမှာ သူ့ရဲ့ ဓနအင်အားကို ထူထောင်ခဲ့ပါတယ်။

သူ့ရဲ့ချမ်းသာကြွယ်ဝမှုကို ပေါင် ၃.၈၇ ဘီလျံဝန်းကျင်ရှိတယ်လို့ Forbes က ခန့်မှန်းထားပြီး လှူဒါန်းငွေတွေကို အိုင်ဗန်နစ်ရှ်ဗီလီရဲ့ ပရဟိတဖောင်ဒေးရှင်းကနေ ပေးအပ်မယ်လို့ ဂျော်ဂျီယာအိပ်မက်ပါတီက ပြောပါတယ်။

၁၂ လကြာတာဝန်ထမ်းဆောင်ပြီးနောက် အိုင်ဗန်နစ်ရှ်ဗီလီဟာ ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ခဲ့ပေမယ့်လည်း သူဟာ နိုင်ငံရဲ့ အာဏာရပါတီအတွင်း ယင်းရဲ့ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌအဖြစ် သြဇာရှိနေဆဲဖြစ်ပါတယ်။

“ရုရှား ဥပဒေ“ကို အတုခိုးပြီး လုပ်ထားတဲ့ “နိုင်ငံခြားလွှမ်းမိုးမှု“ ခေါ် “နိုင်ငံခြားအေးဂျင့်များ”

ဆိုင်ရာ ဥပဒေတရပ်ထုတ်ပြန်ပြီးနောက် ဂျော်ဂျီယာရဲ့ ယူရို ၂၀၂၄ အသင်းမှ ကစားသမားအများအပြားက ဂျော်ဂျီယာအိပ်မက်ပါတီကို ဧပြီလမှာ ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

ဂျော်ဂျီယာက ယင်းရဲ့လွတ်လပ်ရေးကို ၁၉၉၁ မှာ ကြေညာပြီးနောက်ပိုင်း ပါလီမန်မှာ ဇွန်လက ပြဋ္ဌာန်းခဲ့တဲ့ အဆိုပါဥပဒေဟာ နိုင်ငံမှာ အကြီးမားဆုံး ဆန္ဒပြပွဲတချို့ ပေါ်ပေါက်လာစေခဲ့ပါတယ်။ ဝေဖန်သူတွေက ယင်းဥပဒေမူကြမ်းဟာ ၎င်းတို့ရဲ့ နိုင်ငံသားလွတ်လပ်ခွင့်တွေကို ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဥရောပချန်ပီယံရှစ်မှာ ပထမဆုံးအကြိမ် ယှဉ်ပြိုင်နေတဲ့ ဂျော်ဂျီယာဟာ ဇူလိုင် ၁ ရက်၊ တနင်္လာနေ့ နံနက် ၁:၃၀ နာရီ(မြန်မာစံတော်ချိန်)မှာ စပိန်အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

(BBC)