ကျွန်ုပ်တို့ အချက်အလက်စစ်ဆေးမှု ဆောင်ရွက်ပုံ

လေ့လာစောင့်ကြည့်မှု

– ကျွန်ုပ်တို့သည် ဆိုရှယ်မီဒီယာနှင့် ပင်မမီဒီယာများအပြင် အရပ်ထဲ (မြေပြင်) တွင်ပျံ့နှံ့နေသည့် သတင်းများ၊ အချက်အလက်များ မှန်ကန်မှုရှိမရှိ နေ့စဉ်စောင့်ကြည့်ပါသည်။

– ဆိုရှယ်မီဒီယာများအနက် မြန်မာနိုင်ငံ၏ အင်တာနက်အသုံးပြုသူများအကြား သတင်းစီးဆင်းမှု အများဆုံးဖြစ်သော Facebook နှင့် Telegram လူမှုကွန်ရက်ရှိ သတင်းတု/မှား များကို ဦးစားပေးလျက် အခြား လူမှုကွန်ရက်များဖြစ် သည့် Youtube, Tittok, Twitter နှင့် Website များကိုလည်း လေ့လာစောင့်ကြည့်သည်။

– ခေတ်ရေစီးအကြောင်းအလိုက် ပြောင်းလဲလာမှုပေါ် မူတည်ပြီး အမြဲတမ်း Update ထားစောင့်ကြည့်သည်။

– နိုင်ငံရေးအာဏာပိုင်များ၊ ပါတီခေါင်းဆောင်များ၊ ထင်ပေါ်ကျော်ကြားသူများ၏ ပြောစကားများကို စောင့်ကြည့်သည်။

– သတင်းအမှားဟု သံသယဖြစ်ဖွယ်အချက်အလက်များ ဖြန့်ဖြူးနေကျဖြစ်သည့် မသင်္ကာဖွယ် အကောင့်များ၊ စာမျက်နှာများနှင့် ချန်နယ်များကို စောင့်ကြည့်သည်။

– သတင်းတုဟု သံသယရှိသည့် စစ်ဆေးရန် လာရောက်ပေးပို့သည့် သတင်းများကို စောင့်ကြည့်သည်။

သတင်းတုအဖြစ် ဖော်ထုတ်ရန်အတွက် သတ်မှတ်ချက်များ

– လူမှုစီးပွားကို ထိခိုက်နိုင်ချေရှိသည့် သံသယဖြစ်ဖွယ်အချက်အလက်များ။

– ဘာသာရေး၊ လူမျိုးရေး များအပြင် ပဋိပက္ခများ ဖြစ်ပေါ်စေနိုင်သည့် သံသယဖြစ်ဖွယ်အချက်အလက်များ။

– ပျံ့နှံ့မှုအားကောင်းသည့် သတင်းတုများ၊ ပျံ့နှံ့မှုများရန် အလားအလာရှိသော သံသယဖြစ်ဖွယ်အချက်အလက်များ။

– ပျံ့နှံ့မှု အားမကောင်းသော်လည်း သက်ရောက်မှု ကြီးသည့် သံသယဖြစ်ဖွယ်အချက်အလက်များ။

– သတင်းဖတ်ရှုသူများမှ စစ်ဆေးပေးရန် ပေးပို့သည့် သံသယဖြစ်ဖွယ်အချက်အလက်များ။

– အချိန်အခါအလိုက် ထွက်ပေါ်လာတတ်သည့် သတင်းတုများအတွက် အသိပေးစာထုတ်ပြန်ခြင်း။

သတင်းတုအဖြစ် အတည်ပြု ဖော်ထုတ်ခြင်း

– သတင်းတုဟု သံသယရှိသည့် သတင်းဓါတ်ပုံများကို ယခင်က ဖော်ပြခဲ့ဖူးခြင်း ရှိ/မရှိ ကို ဓါတ်ပုံရာဇဝင်ရှာသည့် Reverse Image Search ဖြင့် ရှာဖွေပါသည်။ Reverse Image Search ဖြင့် အခြားအွန်လိုင်းရှိ ဓါတ်ပုံစစ်ဆေးသည့် ဆိုက်များသို့ ဝင်ရောက် ရှာဖွေခြင်းဖြစ်သည်။

– ဗီဒီယိုဖိုင်များအတွက်မူ ဗီဒီယို၏ ရုပ်ကဒ်တခုချင်းဆီ ခွဲထုတ်ပေးသည့် Invid ဖြင့် ခွဲထုတ်ပြီး ထွက်ပေါ်လာသည့် ပုံများကို Reverse Image Search ဖြင့် ရှာဖွေသည်။

– အွန်လိုင်းတွင် တကြိမ်တခါမျှ တင်ဆက် ဖြန့်ဝေခြင်းမရှိသည့် ပုံများကိုမူ ထိုနည်းလမ်းဖြင့် ရှာဖွေနိုင်မည်မဟုတ်ချေ။

– ထိုနည်းလမ်းဖြင့် ရှာဖွေမတွေ့ရှိသည့် ပုံများကိုမူ ဓါတ်ပုံထဲတွင် ပါဝင်သော အချက်အလက်များကို ထုတ်နုတ်စစ်ဆေးပါသည်။ ဥပမာ – နောက်ခံ ရှုခင်းများ၊ လမ်းများ၊ ဆိုင်းဘုတ်များ၊ ကားများ အဆောက်အဦးများအပြင် ရာသီဥတုအခြေအနေများ ကို ထုတ်နုတ် ရှာဖွေပါသည်။

– သတင်းစာသားများကို ရှာဖွေရာတွင် နေရာ၊ အချိန်နှင့် အဓိက စကားလုံးများကို ထုတ်နုတ်ပြီး ရှာဖွေစစ်ဆေးပါသည်။ ထိုသို့ရှာဖွေရာတွင် Browser ကို အသုံးပြုပြီး မြန်မာဘာသာစကားအတွက် ယူနီကုဒ်၊ ဇော်ဂျီကုဒ် ၂ မျိုးလုံးကို အသုံးပြု၍ ရှာဖွေသည်။

– သံသယရှိသည့် သတင်းတု ဖော်ပြသည့် မူလရင်းမြစ်ကို ဆက်သွယ်မေးမြန်းသည်။

– သတင်းအတည်ပြုရာတွင် မဖြစ်မနေ မူလရင်းမြစ်ကို ဦးစားပေးရှာဖွေ အတည်ပြုသည်။ သို့သော် မတတ်သာသည့် အခြေအနေတွင် ဒုတိယ အရင်းအမြစ်ကို ကိုးကားဖော်ပြ အတည်ပြုသည်။

– အွန်လိုင်းပေါ်ရှိ အချက်အလက်များကိုသာ ရှာဖွေ အတည်ပြုခြင်းမဟုတ်ပဲ ကဏ္ဌအလိုက် သက်ဆိုင်သည့် ပညာရှင်များ၊ သုတေသန စာတမ်းများ၊ အချက်အလက်များ အပြင် ဒေသခံ၊ မျက်မြင်သက်သေများ၏ ပြောစကားများကိုပါ ထည့်သွင်း အတည်ပြုသည်။

– မဇ္ဈိမသည် သတင်းဌာနကြီး ဖြစ်သည့်အလျှောက် အချက်အလက်စစ်ဆေးသည့် အဖွဲ့ တစ်ခုတည်းဖြင့် မဟုတ်ပဲ မဇ္ဈိမ သတင်းခန်း၏ သတင်းထောက်များ၊ အဆက်အသွယ်များလည်း ရယူကာ အချက်အလက် စစ်ဆေးပါသည်။

– အချက်အလက် စစ်ဆေးသူများအပြင် အယ်ဒီတာ ၂ ဦးမှ ပြန်လည်စစ်ဆေးပြီး သတင်းတုဖြစ်ကြောင်း ထပ်မံ အတည်ပြုသည်။ ထိုသို့အတည်ပြုပြီးမှသာ သတင်းတုဖြစ်ကြောင်း ပြန်လည်ဖော်ထုတ်သည့် သတင်းအဖြစ် စာဖတ်သူများထံသို့ ချပြသည်။

အချက်အလက် စစ်ဆေးရန် တောင်းဆိုခြင်းနှင့်ပြန်လည်ဆောင်ရွက်ခြင်း

– မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့်အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို အောက်ပါ Google Form တွင် အချက်အလက်နှင့်တကွ ဝင်ရောက်ဖြည့်စွက် ပေးပို့ကာ မေးမြန်းနိုင်သည်။ – ဝင်ရောက် မေးမြန်းရန် လင့် – t.ly/AjFbz

– မဇ္ဈိမ မှ သတ်မှတ်ထားသော သတင်းတုအဖြစ် ဖော်ထုတ်ရန်အတွက် သတ်မှတ်ချက်များ နှင့် ကိုက်ညီလျှင် အချက်အလက် စစ်ဆေးသွားမည်။

– သတင်းတု ဟုတ်မှန်ပါက သက်သေအချက်အလက် ခိုင်လုံစွာဖြင့် ဖော်ထုတ် တင်ပြသွားမည် ဖြစ်သည်။

– အချက်အလက်များကို အဓိကထား စစ်ဆေးသွားမည် ဖြစ်ပြီး အမြင်သဘောထားများကို စစ်ဆေးတင်ပြမည် မဟုတ်ပါ။

အမှားပြင်ဆင်သည့် မူဝါဒ

– ကျွန်ုပ်တို့၏ အချက်အလက် စစ်ဆေးချက်များ မှားယွင်းပါက သတင်းမီဒီယာကျင့်ဝတ်အတိုင်း ပြန်လည်ပြင်ဆင်ပြီး မူလရေးသားထားသည့် သတင်းတွင် ထည့်သွင်းရေးသားသွားမည်။

– ထို့ပြင် အမှားပြင်ဆင်ချက်အနေဖြင့် ဝက်ဆိုက်၏ အမှားပြင်ဆင်ခြင်း ကဏ္ဌတွင် ရှင်းလင်းတိကျစွာ ထည့်သွင်းဖော်ပြသွားမည် ဖြစ်သည်။

– ကျွန်ုပ်တို့၏ အချက်အလက် စစ်ဆေးချက်များအပေါ် မကျေနပ်မှုများ၊ မှားယွင်းမှုများ ကို စာပေးပို့ ရေးသားနိုင်သည်။ အလားတူ ကျွန်ုပ်တို့အား သတင်းတုဟုသံသယရှိသည့်အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကိုလည်း စစ်ဆေးရန် ပေးပို့နိုင်ပါသည်။

အောက်ဖော်ပြပါ လင့်သို့ ဖြည့်စွက်ရေးသား ပေးပို့နိုင်သည်။ t.ly/AjFbz