ထန်းတပင်မြို့ရှိ တပ်စခန်း ၂ ခုမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေး

ပုံအညွှန်း- စစ်ကောင်စီတပ်သားများ တပ်စွန့်ထွက်ပြေးသွားသည့် ဖလေးဆာလိုတပ်စခန်း နှင့် ကလောမီဒဲတပ် စခန်းများအား KNLA က ဝင်ရောက်ရှင်းလင်းပြီးနောက် မြင်ကွင်း (ဓါတ်ပုံ- KNU)

YT

(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ထောက်ပို့ လမ်းကြောင်းများ ဖြတ်တောက်ခံရသဖြင့် တပ်စခန်းနှစ်ခုမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း ကရင်အမျိုးသားအစည်းအရုံး( KNU )ဗဟို​၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

” KNLA မှ ထိုစခန်းများ​၏ ရိက္ခာလမ်းကြောင်းများ ဖြတ်တောက်ထားခြင်းကြောင့် ထိုတပ်စခန်းများအတွင်းရှိ စစ်ကောင်စီတပ်သားများမှာ ဒုက္ခများစွာ ခံစားရပြီး နောက်ဆုံးတွင် စခန်းအား စွန့်ခွာထွက်ပြေးသွားရခြင်းဖြစ်သည်” ဟု KNU က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထန်းတပင်မြို့နယ်၊ မိုနေပွာကျေးရွာအုပ်စု၊ ဖလေးဆာလိုကျေးရွာ သင်္ချိုင်းမြေအတွင်းရှိ တပ်စခန်းမှ စစ်ကောင်စီတပ်သားများသည် ၎င်းတို့​၏ စခန်းကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့က လည်းကောင်း၊ နှင့် ကလောမီဒဲ ကျေးရွာအတွင်းရှိ စစ်စခန်းမှ စစ်ကောင်စီတပ်သားများက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့က လည်းကောင်း အသီးသီး စခန်းစွန့် ထွက်ပြေးသွားကြခြင်းဖြစ်သည်။

အဆိုပါ တပ်စခန်းနှစ်ခုအတွင်း၌ အမှတ်-(၂၀) စစ်ဆင်ရေး ကွပ်ကဲမှူးဌာနချုပ် ( စကခ-၂၀) လက်အောက်ရှိ ခြေမြန်တပ်ရင်း ခမရ (၅၈၁) မှ စစ်ကောင်စီတပ်သားများ အထိုင်ချတပ်စွဲထားခြင်းဖြစ်ပြီး KNU မှ ၎င်းတို့​၏ ထောက်ပို့လမ်းကြောင်းများကို နှစ်ဝက်နီးပါး ဖြတ်တောက်ထားသဖြင့် အဆိုပါ စစ်ကောင်စီတပ်သားများ တပ်စခန်းစွန့်ပြေးကြခြင်းဖြစ်သည်ဟု KNU က ဆိုသည်။

စစ်ကောင်စီတပ်သားများ မရှိတော့သည့် ဖလေးဆာလိုတပ်စခန်းနှင့် ကလောမီဒဲတပ်စခန်းတို့အား တပ်မဟာ (၂) KNLA တပ်ရင်း (၆) မှ တပ်ဖွဲ့ဝင်များက ရှင်းလင်းရေးများလုပ်ဆောင်ကာ တပ်စခန်းအဆောက်အဦများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါ တပ်စခန်းများအတွင်းမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း KNU က ပုံနှင့်တကွ ထုတ်ပြန်သည်။

ဖလေးဆာလိုတပ်စခန်း နှင့် ကလောမီဒဲတပ်စခန်းသည် အဆိုပါ ဒေသများတွင် ၁၉၇၅ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ တကြိမ်တပ်စွဲဖူးခဲ့ပြီး၊ ၂၀၀၆ ခုနှစ်တွင် ကရင်လူမျိုးများအား ” မြေလှန်စနစ်”ဖြင့် လူမျိုးတုံး ရှင်းလင်းရေးစစ်ဆင်ရေးအတွင်း ဒုတိယအကြိမ်အဖြစ် ဝင်ရောက်ကျူးကျော် တပ်စွဲလာခဲ့သည်မှာ ယခု တပ်မစွန့်မီ အချိန်အထိ ဖြစ်ကြောင်း KNU က ဖော်ပြသည်။

ဖလေးဆာလိုတပ်စခန်း နှင့် ကလောမီဒဲတပ်စခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားခြင်းဖြစ်စဉ် အသေးစိတ်နှင့် ပတ်သက်၍ မဇ္ဈိမမှ KNU တပ်မဟာ (၂) တာဝန်ရှိသူနှင့် NUG၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ စစ်ဒေသခွဲ (၂) မှတာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ထန်းတပင်မြို့နယ်သည် KNU ​၏ နယ်မြေသတ်မှတ် ခေါ်ဆိုချက်အရ တပ်မဟာ (၂) နယ်မြေ၊ တောအူး ခရိုင်(တောင်ငူ)၊ ထောတထူမြို့နယ်ဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)