တရုတ်၏ အရေးပေါ်ဥပဒေပြင်ဆင်ချက်က သဘာဝဘေးအန္တရာယ်များ၊ မတော်တဆမှုများနှင့်ပတ်သက်သည့် သတင်းဖော်ပြချက်များကို ထိန်းချုပ်နိုင်

SCMP

တရုတ်ဥပဒေပြုလွှတ်တော်က အရေးပေါ်ဥပဒေအား ပြင်ဆင်ရန် စီစဉ်နေပြီး ယင်းက တရုတ်မီဒီယာများ၏ ဘေးအန္တရာယ်နှင့် မတော်တဆမှုများဆိုင်ရာ သတင်းဖော်ပြမှုအပေါ် ကန့်သတ်မှုများ ရှိလာမည်ကို ကျွမ်းကျင်သူများက စိုးရိမ်နေသည်။ 

တရုတ်၏ ထိပ်တန်းဥပဒေပြုလွှတ်တော်ဖြစ်သည့် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) သည် အရေးပေါ် တုံ့ပြန်ရေးဥပဒေပြင်ဆင်ချက်မူကြမ်းအား ဒီဇင်ဘာ ၂၉ရက်တွင် ထုတ်ပြန်ခဲ့ပြီး ယင်းမူကြမ်းတွင် “အဖွဲ့ အစည်းတခုခုမှဖြစ်စေ လူပုဂ္ဂိုလ်တဦးတစ်ယောက်က ဖြစ်စေ အရေးပေါ်အခြေအနေများတွင် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးပြီး သတင်းမှားများ ဖြန့်ဝေခြင်းမပြုရ” ဟု ဖော်ပြထားသည်။ 

ယင်းမူကြမ်းတွင် “သတင်းအင်တာဗျူးနှင့် သတင်းဖော်ပြသည့်စနစ်” နှင့် “သတင်းပေးပို့နိုင်ရန် သတင်း မီဒီယာများကို ပံ့ပိုးကူညီခြင်း” စနစ်တို့ကို တည်ဆောက်ရန် အဆိုပြုထားသည်။ 

ယင်းဥပဒေသည် အရေးပေါ်အခြေအနေများတွင် သတင်းယူမှုကို ကန့်သတ်ထားနိုင်သော်လည်း ယင်း၏ ထိရောက်မှုသည် အစိုးရက မည်သို့ကျင့်သုံးမှုအပေါ် မူတည်နိုင်ကြောင်း မီဒီယာလေ့လာသုံးသပ်သူများက ပြောကြားသည်။

၂၀၀၇ ခုနှစ်တွင် စတင်အသက်ဝင်ခဲ့သော အရေးပေါ်တုံ့ပြန်ရေးဥပဒေကို ပြင်ဆင်မည့် ပြင်ဆင်ချက်မူကြမ်း ကို NPC အစည်းအဝေးတွင် ဒုတိယအကြိမ် ပြန်လည်သုံးသပ်ခြင်းဖြစ်ပြီး ဇန်နဝါရီ ၂၇ ရက်အထိ အများ ပြည်သူအား မှတ်ချက်ပေးရန် တောင်းခံထားသည်။

ယင်းအတွက် အရေးပေါ်အခြေအနေများတွင် “ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့် အစီအမံများ” ကို အချိန်နှင့် တပြေးညီ အစိုးရက သတင်းအချက်အလက်ပေးရန် ပေးရန်လိုအပ်လှသည်။

အဆိုပါပြင်ဆင်ချက်မူကြမ်းတွင် “အဖွဲ့အစည်းတခုခုမှဖြစ်စေ လူပုဂ္ဂိုလ်တဦးတယောက်က ဖြစ်စေ အရေးပေါ်အခြေအနေများတွင် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးပြီး သတင်းမှားများ ဖြန့်ဝေခြင်းမပြုရန် တင်းတင်းကျပ်ကျပ်တားမြစ်ထားပြီး “လူ့အဖွဲ့အစည်း၏တည်ငြိမ်မှုကို ထိခိုက်စေနိုင်သော” သတင်းအချက် အလက်ဆိုသည့်အချက်ကို အစိုးရအား ရှင်းရှင်းလင်းလင်းဖော်ပြပေးရန် လိုအပ်နေသည်။ 

သီးခြားပြဋ္ဌာန်းချက်တခုတွင်၊ ပြင်ဆင်ချက်တွင် “သတင်းအင်တာဗျူးနှင့် အစီရင်ခံခြင်းစနစ်” ထူထောင်ရန် လိုအပ်ချက်ကြောင်းကို ထည့်သွင်းဖော်ပြထားပြီး အာဏာပိုင်များက သတင်းမီဒီယာများကို “လမ်းညွှန် ပံ့ပိုးမှု” ပေးမည်ဟု ကတိပြုထားသည်။ 

အရေးပေါ်အခြေအနေများတွင် သတင်းဖော်ပြမှုသည် “အချိန်ကိုက်ဖြစ်မှု၊ တိကျမှု၊ ဦးတည်ချက်နှင့် ဘက်မလိုက်ရန်” လိုအပ်ကြောင်း မူကြမ်းတွင် ဖော်ပြထားသည်။

မီဒီယာများ၏ အရေးပေါ်အခြေအနေများနှင့် ပတ်သက်ပြီး သတင်းဖော်ပြချက်များနှင့် ဥပဒေချိုးဖောက် မှုများကို စောင့်ကြည့်မည်ဖြစ်သည်။ 

သို့သော်သတင်းအချက်အလက်အမှားကို ထုတ်ဝေသည့်အတွက် မည်သို့သော ပြစ်ဒဏ်များ ချမှတ်ခံရမည် သို့မဟုတ် သတင်းဖော်ပြသည့်စနစ်၏ အသေးစိတ်အချက်အလက်များကို ပြင်ဆင်ချက်တွင် မဖော်ပြ ထားပေ။ “ရည်ရွယ် ချက်ရှိရှိ” သတင်းအချက်အလက်အမှားဆိုသည်ကိုလည်း တိတိပပ အဓိပ္ပာယ်ဖွင့်ဆိုထား ခြင်းမရှိပေ။

ဥပဒေအရ အရေးပေါ်အခြေအနေဆိုသည်မှာ သဘာဝဘေးအန္တရာယ်များ၊ မတော်တဆမှုများ၊ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများနှင့် လူမှုလုံခြုံရေးဖြစ်ရပ်များ ပါဝင်သည်။ 

နိုင်ငံတော်ကောင်စီ၊ တရုတ်နိုင်ငံ၏ အစိုးရအဖွဲ့ သို့မဟုတ် ယင်းက ခွင့်ပြုထားသော ဌာနတခုသည် အရေးပေါ်အခြေအနေများကို အဓိပ္ပာယ်သတ်မှတ်ရန် အခွင့်အာဏာရှိပြီး အသေအပျောက်နှင့် ဆုံးရှုံးမှုများအပေါ် အခြေခံ၍ မတော်တဆမှု သို့မဟုတ် ဘေးအန္တရာယ်သည် မည်မျှပြင်းထန်ကြောင်း ဆုံးဖြတ်မည်ဖြစ်သည်။ 

မကြာသေးမီနှစ်များအတွင်း တာဝန်ရှိသူများ သို့မဟုတ် နိုင်ငံပိုင်မီဒီယာများ၏ ရှင်းလင်းချက်များကို မီဒီယာများက စောင့်ဆိုင်းဖော်ပြခဲ့ရပြီး အရေးပေါ်အခြေအနေများကို စုံစမ်းခြင်းကိုလည်း တရုတ်အစိုးရက မလိုလားပေ။ 

ပေကျင်းမြို့တွင် ဧပြီလက ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး မီးလောင်မှုကြောင့် လူ ၂၉ ဦး သေဆုံးခဲ့ သည်။ သို့သော် မီးလောင်ပြီးနောက် ရှစ်နာရီကြာအောင် မီဒီယာသတင်းဖော်ပြမှုမရှိခဲ့ဘဲ ဆိုရှယ်မီဒီယာတွင် ဆွေးနွေးမှုများကို ပြင်းထန်စွာ ဆင်ဆာဖြတ်ခဲ့သည်။ 

မေလတွင် အနောက်တောင်ပိုင်း ကွေ့ကျိုး ပြည်နယ်တွင် ဆရာမနှစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့သည့် မတော်တဆမှုတခုအား စုံစမ်းစစ်ဆေးနေသော သတင်းထောက်တဦးအား အရပ်ဝတ်ရဲများက ရိုက်နှက်ခဲ့သည်။ ဆိုရှယ်မီဒီယာတွင် ဖော်ပြသော ပြည်သူများ၏ ဒေါသကြောင့် ဒေသခံ ရဲတပ်ဖွဲ့က ရဲအရာရှိ သုံးဦးကို ရာထူးမှ ရပ်ဆိုင်းခဲ့သည်။

တရုတ်တွင် သတင်းမီဒီယာဥပဒေမရှိသော်လည်းတရုတ်အစိုးရသည် အလွန်အကျူး အွန်လိုင်း ဆင်ဆာ ဖြတ်တောက်မှုနှင့် မီဒီယာလုပ်ဆောင်ချက်များအပေါ် တင်းကျပ်သောထိန်းချုပ်မှုအပါအဝင် စည်းမျဉ်း အမျိုးမျိုးဖြင့် သတင်းဖော်ပြမှုကို စောင့်ကြည့်နေသည်။