ကျွန်းလှတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အထက်တန်းကျောင်းဆောင်ပျက်စီး

ပုံအညွှန်း။ ။ ကျွန်းလှမြို့နယ် ရွာကုန်းကြီးရွာအထက်တန်းကျောင်းကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့်မြင်ကွင်းအချို့/ ဓာတ်ပုံ/ Thutazayar

ကိုခင်မောင်

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးရွာရှိ အခြေခံပညာအထက်တန်းကျောင်းဆောင်သည် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချမှုကြောင့် ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများထံက သိရသည်။

ယနေ့ (ဇွန်လ ၁၅ ရက်)မွန်းလွဲ ၁၂ နာရီခန့်အချိန်တွင် ကျွန်းလှမြို့နယ် အနောက်ခြမ်းရှိ ရွာကုန်းကြီးရွာ အခြေခံပညာအထက်တန်း စာသင်ကျောင်းကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်သည်ဟု ဒေသခံတဦးက မဇ္စျိမကို ပြောသည်။

“ကျွန်းလှနယ် ရွာကုန်းကြီးရွာ စာသင်ကျောင်း စကစဂျက်ဖိုက်တာနဲ့ပစ်သွားတယ်။ ကံကောင်းလို့ပေါ့ ကျောင်းဆင်းပေးလိုက်တဲ့အချိန် သိပ်မကြာဘူး ပစ်သွားတယ်။ မြေပြင်မှာ ဘာတိုက်ပွဲမှ မရှိဘူး။ အကြောင်းမဲ့ကို လာပစ်တာ၊ ပစ်တာကလည်း ဂျက်ဖိုက်တာနှစ်စီးနဲ့ ပစ်တာ။ စာသင်ကျောင်းနဲ့ ပြည်သူတွေနေတဲ့ အိမ်တွေနဲ့က အတော်အသင့်ဝေးလို့ လူထိခိုက်မှုတော့ မရှိခဲ့ဘူး။” ဟု ကျွန်းလှဒေသခံတဦးက မဇ္စျိမကို ပြောသည်။

ထိုတိုက်ခိုက်မှုကြောင့် ရွာကုန်းကြီးရွာ အခြေခံပညာအထက်တန်း စာသင်ကျောင်းအဆောက်အဦ မျက်နှာကြက်များပျက်စီးကာ ရွာထဲရှိ ဝက်နှစ်ကောင်သေဆုံးပြီး လူနေအိမ် နှစ်လုံးလည်း ထိခိုက်ပျက်စီးသွားကြောင်း ၎င်းဒေသခံထံက သိရသည်။

ဇွန်လ ၁၃ ရက် ညပိုင်းတွင်လည်း ဘုတလင်မြို့နယ်၊ ညောင်ကုန်းရွာအနီးကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့သဖြင့် ဇနီးမောင်နှံ နှစ်ဦး သေဆုံးပြီး နောက်ထပ်သုံးဦး ဒဏ်ရာရသွားကြောင်း ဒေသခံများထံက သိရသည်။

သေဆုံးသူများတွင် အသက် ၅၀ အရွယ် ဦးမင်းငြိမ်းနှင့် ၎င်း၏ဇနီးဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဒေါ်စန်းစန်းဌေးတို့ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ပေါင်၂၀၀ဗုံးသီး နှစ်လုံး ကြဲချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)