မြောက်ဥက္ကလာ မြို့ခံ နေအိမ် ဗုံးပစ်တိုက်ခိုက်ခံရ

စစ်ကောင်စီတပ်နှင့်ပူးပေါင်းနေသည့် မြောက်ဥက္ကလာပမြို့နယ်မှ မဖြူ(ခေါ်)ဇီးကွက်မ

ဂန္ဒမာ(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ မမြတ်စန္ဒာခိုင် (ခ) မဖြူ(ခ)ဇီးကွက်မ၏ နေအိမ်ကို ယမန်နေ့ ဒီဇင်ဘာ ၃၁ ၊ ည ၇ နာရီတွင် ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ဖွဲ့(၂) ၏ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

မဖြူနေထိုင်သည့် (ဌ)ရပ်ကွက်၊ စကားဝါ(၅)လမ်း၊ အိမ်အမှတ် (၂၇) ရှိ နေအိမ်ကို ဗုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မဖြူသည် စစ်ကောင်စီတပ် နှင့် ၎င်းတို့၏ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ပြည်သူများအား ဒုက္ခပေးနေသည်ဟူသော တိုင်ကြားသူ များလာ၍ ထိုသို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“မဖြူ(ခ)ဇီးကွက်မက စခ ရခ(စစ်ကောင်စီတပ်သားနှင့် ရဲတပ်သား) တွေနဲ့ပေါင်းပြီး ပြည်သူကိုဒုက္ခပေးလို့၊
တိုင်ကြားစာတွေများလာလို့ ရှင်းဖို့လုပ်ရတာပါ။ သေနတ် Error(ချို့ယွင်းမှု)ကြောင့် ပစ်ခွင့်မရလိုက်လို့ အိမ်ကိုပဲ ဗုံးပစ်လိုက်တာပါ” ဟူ၍ ၎င်းက ပြောသည်။

ဗုံးမှာ နေအိမ်၏ အပြင်ဘက်တွင် ကျရောက်ပေါက်ကွဲကြောင်း သိရပြီး မဖြူ၏ ဆွေမျိုးတဦး ထိခိုက်ဒဏ်ရာရရှိကြောင်း တိုက်ခိုက်သည့်အဖွဲ့ထံက သိရသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

မဖြူသည် ငွေတိုးချေးသည့် လုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး ပြည်သူများအား ထပ်မံ ဒုက္ခပေးပါက ပစ်ခတ်ရှင်းလင်းမည်ဟု မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

လက်ခံရရှိထားသော တိုင်ကြားစာများအနက် တစောင်မှာ “သူ့သူင​ယ်ချင်း ကြံ့ခိုင်ရေးက ဒလန်ရယ်၊ စစ်သားတွေ၊ လူမိုက်တွေနဲ့ပေါင်းပြီး သူ့ဆီက ပိုက်ဆံချေးတဲ့သူတွေကို မတရားပြောဆို ရိုက်နှက်တယ်။ မတရားအတိုးနဲ့ သိမ်းထားတဲ့အိမ်တွေ အများကြီးရှိတယ်။ သူ့ပိုက်ဆံနဲ့ပတ်သက်ရင် ၁၀,၀၀၀ ဖြစ်ဖြစ် ၊ ၁,၀၀၀ ဖြစ်ဖြစ် မပေးနိုင်ရင်တောင်အရိုက်ခံရတယ်။ သူ့ထက်အသက်ကြီးသူတွေကိုလည်း ဖိနပ်နဲ့ပါးရိုက်တယ်။ ဘယ်ကိုမှလည်းတိုင်လို့မရဘူး။ ခေတ်ပျက်မှလုပ်စားနေတာ ခွေး(စစ်ကောင်စီလက်အောက်ခံ) တွေနဲ့ခြောက်ပြီးတော့။ စစ်တပ်ကိုဖားပြီးလုပ်စားနေတာ” ဟု၍ ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယမန်နေ့ည ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စံပယ်လမ်းမကြီးပေါ်၌ စစ်ကောင်စီတပ်သား အများအပြား ရောက်ရှိနေရာယူထားခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားသည့် မဖြူ(ခ)ဇီးကွက်မ နေထိုင်ရာ စကားဝါ(၅)လမ်းတွင်လည်း ည ၁၀ နာရီဝန်းကျင်အချိန်ထိ အင်အားအများအပြားဖြင့် စောင့်ကြပ်စစ်ဆေးခဲ့ကြောင်း ဒေသခံများထံက သိရသည်။


စာတည်း။ ။အောင်ကျော်ဖြိုး