ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်တွင် လုပ်မည်ဟု စစ်ခေါင်းဆောင်ဆို

ခင်ဦးမြို့နယ်အတွင်း NUG အစိုးရအားထောက်ခံကြောင်းနှင့် စစ်ကောင်စီရွေးကောက်ပွဲ အလိုမရှိကြောင်း ဆန္ဒပြစဉ်
ဓာတ်ပုံ -ပုံဟောင်း

002

(မဇ္ဈိမ)။ ။ နိုင်ငံအနှံ့ တိုက်ပွဲများဖြစ်ပွားနေချိန်တွင် လာမည့် ၂၀၂၅ ခုနှစ်၌ အထွေထွေ ရွေးကောက်ပွဲပြုလုပ်မည်ဟု စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

ဇွန် ၁၅ ရက်က မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် ေတွေ့ဆုံစဉ် စစ်အာဏာသိမ်းခါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ် သည်။

ယခု ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း လူဦးရေနှင့် သန်းခေါင်စာရင်းကောက် ယူနိုင်ရေး ဆောင်ရွက်နေကာ လာမည့်နှစ်တွင် ရွေးကောက်ပွဲ ပြုလပ်ရန် ပြင်ဆင်ဆောင်ရွက်နေသည်ဟု စစ်အာဏာသိမ်း ‌ခေါင်းဆောင်က ‌ပြောသည်။

လတ်တလောတွင် ‌ရွေး‌ကောက်ပွဲ၌ အသုံးပြုမည့် အီလက်ထရောနစ် မဲပေးစက် အသုံးပြုသည့် ပုံစံများ သရုပ်ပြခြင်းကို
အချို့ဒေသများတွင် နိုင်ငံရေးပါတီများနှင့် ပြည်သူအချို့ကို စစ်ကောင်စီက ပြုလုပ်လျက်ရှိသည်။

စစ်ကောင်စီက ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းတွင် ရွေးကောက်ပွဲ ပြုလုပ်ရန်စီစဉ်နေသည်ဟု NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ဇွန် ၃ ရက်တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တော်လှန်ရေးအင်အားစုများကလည်း စစ်ကောင်စီသည် PR စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး နယ်မြေစိုးမိုးနိုင်ခြင်းမရှိသည့် ဒေသများတွင် မဲဆန္ဒနယ်များကို ပေါင်းကာ ပြုလုပ်နိုင်‌ခြေရှိသည်ဟု သုံးသပ်ထားသည်ဟု ဝန်ကြီး ဦးတင်ထွန်းနိုင်က ‌ပြောသည်။

“ချင်းပြည်နယ်ထဲမှာဆို ထန်တလန်၊ ဟားခါး၊ မင်းတပ်၊ မတူပီ၊ ပလက်ဝတွေကို မြို့နယ်ကြီးတခု၊ မဲဆန္ဒနယ်ကြီးတခုအဖြစ် ‌ပေါင်းစည်းမယ်။ အဲ့ဒီမြို့နယ်ကြီး တခွင်တပြင်လုံးကိုသူတို့ လိုက်ပြီး ရွေးကောက်ပွဲလုပ်မှာမဟုတ်ပါဘူး။ သူတို့ရွေးကောက်ပွဲလုပ်လို့ရတဲ့ နေရာလေးကွက်ကွက်ကိုပဲ လုပ်ပြီးတော့ အဲ့ဒီလုပ်လိုက်တဲ့ရွေးကောက်ပွဲသည် ဒီမဲဆန္ဒနယ်ကြီးတခုလုံးကို ကိုယ်စားပြုပါတယ်ဆိုပြီး ကိုယ်စားလှယ်အများအပြားကို သူတို့ ကလိန်ကကျစ်နဲ့ပေါ့နော် လိမ်ပြီးတော့ ရွေးကောက်ခံရပါပြီလို့ ကြေညာမှာ”ဟု ဝန်ကြီးဦးတင်ထွန်းနိုင်က ပြောသည်။

စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့တွင် တိုက်ပွဲများ ရင်ဆိုင်နေရ သည့် စစ်ကောင်စီမှာ ရှမ်းမြောက်ဒေသ၊ ရခိုင်ပြည်နယ်‌နေရာ အများစု၊ ကချင်ပြည်နယ်ရှိ ဒေသအချို့ကို လက်လွှတ်ထားရပြီး ရှုံးနိမ့်လျက်ရှိသည်။

စာတည်း‌။ ။အောင်ကျော်ဖြိုး