အိုက်ဇောလ်မြို့တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုအခမ်းအနား တေးရုပ်ရှင်ပြပွဲကျင်းပ

၇၉နှစ်မြောက်ဒေါ်ဆောင်ဆန်းစုကြည် မွေးနေ့အကြို ကျင်းပနေစဉ်/ဓါတ်ပုံ – ပေးပို့

ပါခွီး

မဇ္စျိမ။ ။ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ အိုက်ဇောလ်မြို့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့အထိမ်းအမှတ် အကြိုအခမ်းအနား တေးရုပ်ရှင်ပြပွဲကို ကျင်းပခဲ့ကြောင်း ပွဲဖြစ်မြောက်ရေးဦးဆောင်ခဲ့သည့် Network for Unity Association Mizoram (NUA) ထံကသိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်မြောက် မွေးနေ့ကြိုအထိမ်းအမှတ်အခမ်းအနား တေးရုပ်ရှင်ပြပွဲကို အိုက်ဇောလ်မြို့ ကျန်းမာရီရပ်ကွက်ရှိ လူငယ်အသင်းခန်းမတွင် ယမန်နေ့(ဇွန်လ ၁၅ရက်)မနက် ၁၁နာရီတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ထိုအခမ်းအနားမှ ရရှိလာသော ရန်ပုံငွေများကို ဒေသရှိ သဘာဝဘေးဒဏ်သင့်သူများအတွက် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးဦးဆောင်ခဲ့သည့် NUA တာဝန်ရှိသူက ဆိုသည်။

“ကျနော်တို့ ရရှိလာတဲ့ ရန်ပုံငွေတွေကို ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ရန်ပုံငွေအစီအစဥ်ကနေတဆင့် မြေပြိုလို့လူသေ ပျက်စီးသွားတဲ့ဖြစ်ရပ်အတွက် ကူညီလှူဒါန်းသွားမှာပါ” ဟု NUA တာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။

အခမ်းအနားသို့ တက်ရောက်လာကြသည့် မြန်မာနိုင်ငံသားများက လှူဒါန်းသည့် ကျပ်ငွေ ၁၃သိန်းကျော်ကို ဆိုင်ကလုန်း Remal ကြောင့် မေလ၂၇ရက်နေ့မှစ၍ မိုးရွာသွန်းသဖြင့် မြေပြိုကာ လူပေါင်း ၃၀ကျော် သေဆုံးခဲ့သည့် မီဇိုရမ်ပြည်နယ်က သဘာဝဘေးဒဏ်သင့် ဒေသခံများကို လှူဒါန်းသွားမည်ဟု ဆိုသည်။

အခမ်းအနားကျင်းပသည့်နေ့သည် မီဇိုလူငယ်အသင်း(YMA)နေ့ဖြစ်ပြီး မိုးရွာသွန်းလျက်ရှိသောကြောင့် လူဦးရေ ၂၀၀ခန့်သာ တက်ရောက်နိုင်သောကြောင့် မျှော်မှန်းထားသည်ထက် အလှူငွေရရှိမှု နည်းပါးခဲ့ကြောင်း NUA တာဝန်ရှိသူက ဆက်ပြောသည်။

မွေးနေ့အထိမ်အမှတ်ကို အစီအစဥ်နှစ်ခုကျင်းပခဲ့ခြင်းဖြစ်ပြီး ပထမအစီအစဥ်တွင် ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးဆလိုင်းလျန်လွယ် ၊ ကလေးမြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ ၊ စစ်ကိုင်းတိုင်းချင်းရေးရာဝန်ကြီး ဒေါ်မွမ်နီး နှင့် NUG နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားလှယ် ဒေါက်တာဆလိုင်းအိုက်ဇက်ခင်တို့က ဒေါ်အောင်ဆန်းစုကြည့်နှင့်ပတ်သက်သော အမှတ်တရနှင့် တော်လှန်ရေးနှင့်ဆိုင်သော အားပေးစကားများပြောကြားခဲ့ပြီး ချင်းအဆိုတော်များဖြစ်သည့် ယောကီး နှင့် ပီ.ထောင်းဘွဲ့ တို့က တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြသည်။

ဒုတိယပိုင်းအစီအစဥ်တွင် တော်လှန်ရေးသွေးသစ်လောင်းရန်နှင့် ကောင်းမှုများပြုရန်ရည်ရွယ်၍ “နေသာတဲ့နေ့” ဆို့သည့် တေးရုပ်ရှင်ကို ပြသခဲ့ကြောင်းသိရသည်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်၏ ၇၉နှစ်မြောက် မွေးနေ့အထိမ်းအမှတ်ပွဲကို အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့တွင်လည်း ကျင်းပရန်ရှိပြီး “နေ့သာတဲ့နေ့” တေးရုပ်ရှင်ကို ပြသသွားမည်ဖြစ်ကြောင်း အခမ်းအနားဖြစ်မြောက်ရေးဦးဆောင်သူများထံမှ သိရှိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)