တောင်တရုတ်ပင်လယ်ရှိ ပင်လယ်ကြမ်းပြင်ဆိုင်ရာ ရပိုင်ခွင့်နှင့်ပတ်သက်၍ ကုလအတည်ပြုမှုကို ဖိလစ်ပိုင် တောင်းခံ

(ပုံစာ- တောင်တရုတ်ပင်လယ်ရှိ ပိုင်နက်နယ်မြေ ပိုင်ဆိုင်ကြောင်း အငြင်းပွားပြောဆိုမှုများ၏ အတိုင်းအတာကို ပြသသည့် မြေပုံ)\(ဓာတ်ပုံ-အေအက်ဖ်ပီ)

(ပုံစာ- တောင်တရုတ်ပင်လယ်ရှိ ပိုင်နက်နယ်မြေ ပိုင်ဆိုင်ကြောင်း အငြင်းပွားပြောဆိုမှုများ၏ အတိုင်းအတာကို ပြသသည့် မြေပုံ)(ဓာတ်ပုံ-အေအက်ဖ်ပီ)

Bejing Bulletin

ဖိလစ်ပိုင်အစိုးရသည် ပင်လယ်ပြင် အရင်းအမြစ်များကို အပြည့်အဝအသုံးချနိုင်ရန် သီးသန့်အခွင့်အရေး ရှိမည့် တောင်တရုတ်ပင်လယ်ရှိ ယင်း၏ ရေအောက် ပင်လယ်ကြမ်းပြင် ပိုင်နက်အတိုင်းအတာနှင့်ပတ်သက်၍ ကုလသမဂ္ဂအဖွဲ့တခု၏ တရားဝင် အတည်ပြုမှုကို တောင်းဆိုထားကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၁၅ ရက်တွင် ပြောသည်။

ယင်းသည် တောင်တရုတ်ပင်လယ်နှင့်ပတ်သက်ပြီး တရုတ်၏ ကျယ်ပြောသည့် နယ်မြေပိုင်နက် ပိုင်ဆိုင်ကြောင်း ပြောဆိုမှုများကို ပယ်ချသည့် လုပ်ဆောင်ချက်လည်း ဖြစ်သည်။

၁၅ နှစ်ကျော်ကြာ သိပ္ပံဆိုင်ရာ သုတေသနများ ပြုလုပ်ပြီးနောက် နိုင်ငံအနောက်ပိုင်း ပါလာဝမ်ပြည်နယ်၏ မလှမ်းမကမ်း တောင်တရုတ်ပင်လယ်ရှိ ယင်း၏ ရေအောက် ကမ်းဦးရေတိမ်ပိုင်း ပိုင်နက်အတိုင်းအတာနှင့်ပတ်သက်သည့် အချက်အလက်များကို ဖိလစ်ပိုင်အစိုးရက ကမ်းဦးရေတိမ်ပိုင်း နယ်နိမိတ်စည်းများဆိုင်ရာ ကုလ ကော်မရှင်ထံ တင်သွင်းခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

ဖိလစ်ပိုင်၏ လုပ်ဆောင်ချက်အပေါ် တရုတ်က လက်တလော သဘောထားမှတ်ချက်ပေးခြင်း မရှိသော်လည်း ယင်းလုပ်ဆောင်ချက်ကို ဆန့်ကျင်ဖွယ် ရှိသည်။

ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကွန်ဗန်းရှင်း (UNCLOS) အောက်၌ ဖိလစ်ပိုင်က ယင်း၏ အချုပ်အချာအာဏာ ပိုင်ဆိုင်ခွင့်ကို တရားဝင် ထူထောင်ရန် ကြိုးပမ်းနေသည့် ရေအောက်ဒေသတွင် ကျွန်းများ၊ ကျွန်းငယ်များ၊ ကျောက်တန်းများနှင့် သန္တာကျောက်တန်းများ ပါဝင်ဖွဲ့စည်းရှိနေသည့် စပရတ်တလေကျွန်းစု လွှမ်းခြုံပါဝင်နေသည်။

ယင်း ကျွန်းစုနှင့်ပတ်သက်ပြီး တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းနှင့် ထိုင်ဝမ်တို့က နှစ်များစွာကြာ ပိုင်ဆိုင်မှု အပြင်းအထန် အငြင်းပွားနေခဲ့ကြသည်။

အင်ဒိုနီးရှားသည်လည်း တောင်တရုတ်ပင်လယ် ဘေးပန်းနားရှိ ဓာတ်ငွေ့ပေါကြွယ်ဝသော နာတူနာပင်လယ်၌ တရုတ်ကမ်းခြေစောင့်သင်္ဘောများ၊ ငါးဖမ်းသင်္ဘောများနှင့် ထိပ်တိုက်တွေ့ထားခဲ့သည်။

“ပင်လယ်ရေပြင်တွင်း ဖြစ်စဉ်တွေဟာ အောက်ဘက်မှာ တည်ရှိတဲ့အရာတွေရဲ့ အရေးပါမှုအပေါ် လွှမ်းမိုးသွားလေ့ ရှိပါတယ်” ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် မာရှယ်လ် လူးဝစ် အယ်လ်ဖာရက်ဇ်က ပြောသည်။

“မိမိတို့ရဲ့ ကျွန်းစုကနေ UNCLOS က ခွင့်ပြုပေးတဲ့ အများဆုံး အတိုင်းအတာအထိ ဆန့်တန်းရှိနေတဲ့ ပင်လယ်ကြမ်းပြင်နဲ့ အောက်မြေဆီလွှာတို့မှာ မိမိတို့ နိုင်ငံနဲ့ နောင်လာမယ့်မျိုးဆက်တွေအထိ မိမိတို့လူမျိုးတွေအတွက် အကျိုးဖြစ်စေမယ့် အရေးပါတဲ့ အလားအလာရှိ အရင်းအမြစ်တွေ ရှိနေပါတယ်” ဟု ၎င်းက ပြောသည်။

“ဒီနေ့မှာ မိမိတို့ရဲ့ ကမ်းဦးရေတိမ်ပိုင်း ခံစားပိုင်ခွင့်ထဲက သဘာဝ အရင်းအမြစ်တွေကို ရှာဖွေဖော်ထုတ် အသုံးချနိုင်မယ့် မိမိတို့ရဲ့ အထူးသီးသန့်အခွင့်အရေးကို လက်တွေ့ပြသမှု လုပ်ရင်းနဲ့ မိမိတို့ဟာ မိမိတို့ရဲ့အနာဂတ်ကို သေချာစေအောင်လုပ်တာဖြစ်ပါတယ်” ဟု အယ်လ်ဖာရက်ဇ်က ပြောသည်။

၁၉၈၂ ကုလသမဂ္ဂ ကွန်ဗန်းရှင်းအရ ပင်လယ်ကမ်းခြေနိုင်ငံတနိုင်ငံအနေဖြင့် ၆၄၈ ကီလိုမီတာ (ရေမိုင် ၃၅၀) အထိ ဆန့်တန်းရှိနေနိုင်သည့် ပင်လယ်ကြမ်းပြင်တကျော ဖြစ်သည့် ယင်း၏ ကမ်းဦးရေတိမ်ပိုင်းတွင် မည်သည့် တူးဖော်မှုကိုမဆို အတည်ပြု၊ စည်းကမ်းထိန်းသိမ်းနိုင်ခွင့် အပါအဝင် အရင်းအမြစ်များကို အပြည့်အဝ အသုံးချရန် သီးသန့်အခွင့်အရေး ရရှိနိုင်သည်။