အင်ဖာထိန်းသိမ်းရေးစခန်းမှ အစာငတ်ခံဆန္ဒပြသူများ အကြမ်းဖက်ဖြိုခွင်းခံရပြီး မြန်မာ ၄ ဦး ဒဏ်ရာရ

ပုံအညွှန်း - မြန်မာနိုင်ငံသားများထိန်းသိမ်းထားသည့် အကျဥ်းထောင် \ဓာတ်ပုံ-People’s defense comrade

ပုံအညွှန်း – မြန်မာနိုင်ငံသားများထိန်းသိမ်းထားသည့် အကျဥ်းထောင် \ဓာတ်ပုံ-People’s defense comrade

ပါခွီး

(မဇ္စျိမ)။ ။အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ အင်ဖာမြို့ရှိထိန်းသိမ်းရေးစခန်းတွင် အမြန်ဆုံးပြန်လွှတ်ပေးရေး အစာငတ်ခံဆန္ဒပြနေကြသူများကို အကြမ်းဖက်ဖြိုခွင်းခဲ့သဖြင့် မြန်မာနိုင်ငံသားလေးဦး ဒဏ်ရာရရှိထား ကြောင်း သိရသည်။

မဏိပူရပြည်နယ်အတွင်း တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုဖြင့် ဖမ်းဆီးခံထားရသူ ရက်ကန်းအလုပ်သမား များနှင့် စစ်ဘေးရှောင်များကို ပြစ်ဒဏ်များကျခံပြီးနောက် လွှတ်မပေးသဖြင့် အင်ဖာမြို့ရှိ Sajiwa အကျဥ်း ထောင်အတွင်းဖွင့်လှစ်ထားသည့် ထိန်းသိမ်းရေးစခန်းတွင် ဇွန်လ ၁၅ ရက်နေ့မှစ၍ မြန်မာနိုင်ငံသား ၂၈ ဦး အစာငတ်ခံဆန္ဒပြခဲ့ခြင်းဖြစ်သည်။

“ထောင်အာဏာပိုင်တွေက အတင်းအဓမ္မ အဆောင်တွေထဲကိုဝင်ဖို့ပြောပြီး လူငယ်တယောက်ကို စရိုက် တယ်။ အဲဒီအချိန်မှာ ဝိုင်းအော်ပြီးတားတဲ့အတွက် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး တာဝါပေါ်က သေနတ်တွေ၊ အသံဗုံးတွေနဲ့ပစ်လို့ ဒဏ်ရာရကုန်တာလို့သိရတယ်”ဟု ထိန်းသိမ်းခံရသူ၏မိသားစုဝင်တဦးက မဇ္စျိမကို ပြောသည်။

ဆန္ဒပြသူများက ၎င်းတို့ပြစ်ဒဏ်ကျခံရပြီးဖြစ်သောကြောင့် အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် ရှေ့နေဖြင့် အာမခံရရှိသူများ လွှတ်မပေးသည့်အကြောင်းကို ထောင်အာဏာပိုင်များနှင့် ဆွေးနွေးခဲ့ကြရာ ပြေလည်မှု မရရှိဘဲ အကြမ်းဖက်ဖြိုခွဲခံရခြင်းဖြစ်သည်ဟု ဆိုသည်။

ထောင်အာဏာပိုင်များရိုက်နှက်သဖြင့် လူငယ်တဦး လက်မောင်းတွင်ထိခိုက်ခဲ့ပြီး အသံဗုံး၊ ရာဘာကျည်၊ ကျည်အစစ်တိုဖြင့်ပစ်ခတ်မှုကြောင့် လူသုံးဦး မျက်လုံး၊ ရင်ဘတ်နှင့် လက်မောင်းတို့တွင် ထိခိုက်ဒဏ်ရာ ရရှိထားကြောင်း အထိန်းသိမ်းခံမိသားစုဝင်က ဆက်ပြောသည်။

၎င်းတို့အနေဖြင့် ဆက်လက်ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်သော်လည်း ယနေ့ (ဇွန်လ ၁၉ ရက်) နံနက် ၈ နာရီအထိ ထောင်အာဏာပိုင်များ ဝင်ရောက်လာခြင်းမရှိသေးကြောင်း သိရသည်။

အစာငတ်ခံဆန္ဒပြသူများ၏ တောင်းဆိုချက်များကို အမြန်ဆုံးဖြေရှင်းပေးရန်နှင့် အိန္ဒိယဗဟိုအစိုးရမှ တိုက်ရိုက်ဝင်ရောက်ဖြေရှင်းပေးရန်အတွက် India for Myanmar အနေဖြင့်လုပ်ဆောင်နေကြောင်း ဆလိုင်းဒိုခါရ်ကပြောသည်။

“မတရားမှုကိုနှစ်ရှည်ကြုံခဲ့ရပြီး တရားမျှတမှုပြန်ရဖို့ ငြိမ်းချမ်းစွာအစာငတ်ခံဆန္ဒပြသူတွေကို ဖြိုခွင်းတာ ကတော့ အလွန်ရက်စက်တဲ့လုပ်ရပ်လို့မြင်တယ်။ သူတို့ကျခံရမဲ့ ထောင်ဒဏ်၊ ငွေဒဏ်တွေကျခံပြီးသားမို့ မတရားသဖြင့်ထိန်းသိမ်းခံစရာ အကြောင်းမရှိသူတွေဆိုတော့ အခုလိုလုပ်ရပ်အပေါ် အပြင်းအထန် ကန့် ကွက်ရှုတ်ချပါတယ်” ဟု ဆလိုင်းဒိုခါရ်ကဆိုသည်။

နောက်ဆုံးသိရသောသတင်းများအရ မူလကဆန္ဒပြနေသည့် ၂၈ ဦး အပါအဝင် ထိန်းသိမ်းရေးစခန်းရှိ မြန်မာ ၉၇ ဦးနှင့်အတူ နိုင်ငံခြားသားနှစ်ဦး၊ စုစုပေါင်း ၉၉ ဦးသည် ရက်အကန့်အသတ်မရှိ အစာငတ်ခံ ဆန္ဒပြနေကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ကလည်း အဆိုပါစခန်း၌ ထိန်းသိမ်းခံထားရသည့် မြန်မာအကျဥ်းသူ ၃၆ ဦးသည် လွတ်ရက်ပြည့်သော်လည်း ဆက်လက်ထိန်းသိမ်းခံရသဖြင့် အစာငတ်ခံဆန္ဒပြခဲ့ရာ နှစ်ရက် အကြာတွင် ရိုက်နှက်ဖြိုခွင်းခံရပြီး ဆန္ဒပြမှုရုပ်သိမ်းခဲ့ရသည်။

မဏိပူရပြည်နယ်အတွင်း တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုဖြင့် ဖမ်းဆီးခံထားရသူများအနက်မှ မေလ ၂ ရက်နေ့တွင် အမျိုးသမီးနှင့် ကလေးငယ် ၃၉ ဦး ၊ ဇွန်လ ၁၁ ရက်နေ့တွင့် အမျိုးသမီးနှင့် ကလေးငယ်အပါ အဝင် ၃၈ ဦးတို့ကို မဏိပူရပြည်နယ် မိုးရေးမြို့မှတဆင့် မြန်မာနိုင်ငံ တမူးမြို့ဘက်သို့ လွှဲပြောင်းပေးခဲ့ သည်။

ပုံအညွှန်း – မြန်မာနိုင်ငံသားများထိန်းသိမ်းထားသည့် အကျဥ်းထောင် \ဓာတ်ပုံ-People’s defense comrade

စာတည်း။ ။စောဖေ