ဆရာတော်၏ ရုပ်ကလာပ်အား သီတင်းသုံးရာ ပဲခူးမြို့ကျောင်းတိုက်သို့ပင့်ဆောင်

ပုံစာ- ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်သို့ဆရာတော်ကြီးအား ပြန်လည်ပင့်ဆောင်လာစဥ်။ \ ဓာတ်ပုံ-ဆရာတော်ကြီး၏ သာဝက တဦး။

ပုံစာ- ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်သို့ဆရာတော်ကြီးအား ပြန်လည်ပင့်ဆောင်လာစဥ်။ \ ဓာတ်ပုံ-ဆရာတော်ကြီး၏ သာဝက တဦး။

၀၀၈

(မဇ္ဈိမ)။ ။ စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူသွားသည့် နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ဝင် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၏ ဥတုဇရုပ်ကလာပ်ကို သတင်းသုံးရာကျောင်းတိုက် ပဲခူးမြို့၊ ဝင်းနိမ္မိတာရာမကျောင်းတိုက်သို့ ယနေ့ (ဇွန် ၂၀ရက်)နံနက် ၄နာရီခန့်တွင် ပင့်ဆောင်ရောက်ရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့( ဇွန် ၁၉ရက်)က မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်၊ မြို့သာနှင့်ပန်းချီကမ္မကျေးရွာကြားတွင် စစ်ကောင်စီတပ်ဖွဲ့က ဆရာတော်ကြီး စီနင်းလာသည့်ကားကို ပစ်ခတ်ခဲ့ရာမှ ပျံလွန်တော်မူသွားခြင်း ဖြစ်သည်။

ယ‌နေ့( ဇွန် ၂၀ရက်)တွင် မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်(ရွှေကျင်နိကာယဗဟိုဌာန)၌ ကျင်းပပြုလုပ်မည့် ရွှေကျင်နိကာယဗဟိုဌာန အစည်းအဝေးတက်ရောက်ရန်အတွက် ဇွန် ၁၉ရက်၊ နံနက် ၁၀ နာရီခန့်က ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့်၊ ပရိယတ္တိစာသင်တိုင်ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသနှင့်အတူ ဆရာတော်ကြီးသည် ရန်ကုန်မြို့မှ လေယာဉ်ဖြင့် မန္တလေး တံတားဦးလေဆိပ်သို့ ကြွရောက်လာခြင်းဖြစ်သည်။

ထိုတံတားဦးလေဆိပ်မှ ကံသုံးဆင့်ဆရာတော်ဘုရားကြီး၏ ဇာတိ ငါန်းဇွန်မြို့နယ်ဘက်သို့ ကားဖြင့် ဆက်လက်ကြွရောက်ရာ မြို့သာနှင့်ပန်းချီကမ္မရွာကြားအရောက်တွင် စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့နှင့်တွေ့ပြီး ကားကိုရပ်တန့်ခိုင်းရာ မှန်မချဘဲ မောင်းနှင်သည့်အတွက် လုံခြုံရေးတပ်ဖွဲ့က ကားကိုပစ်ခတ်ခဲ့သည်ဟု မန္တလေးတိုင်း သာသနာရေးမှူး၏ အစီရင်ခံစာတွင်ရေးသားထားသည်။

“ကြီးမားတဲ့ဆုံးရှုံးမှုဘဲ။ ဆရာတော့် ရုပ်ကလာပ်ကတော့ ပဲခူးက သူ့ကျောင်းကို ရောက်သွားပြီ။ တို့လည်း စီစဉ်စရာရှိတာ စီစဉ်ရတယ်။ အန္တိမဈာပနအတွက်ကတော့ ကြခတ်ဝိုင်း ဆရာတော်ကြီး ဩဝါဒခံယူပြီး ဆရာတော်မိန့်ကြားတဲ့အတိုင်း တို့က ဝင်းနိမ္မိတာရာမကျောင်းဆရာတော်ကြီးရဲ့ တပည့်သာဝကတွေနဲ့ ဆောင်ရွက်ကြမယ်။ အစည်းအဝေးက မပျက်ပါဘူး၊ လုပ်ဖြစ်တယ်။”ဟု မန္တလေး သံဃနာယက အဖွဲ့ဝင် ဆရာတော်တပါးက မိန့်ကြားသည်။

ဆရာတော်ကြီးတို့ စီနင်းသည့်ကားကို မောင်းနှင်ပေးသည့် ကားသမားမှာ လက်နှင့်ခြေထောက်တို့တွင် ဒဏ်ရာရရှိခဲ့ပြီး ရရှိသည့်ဒဏ်ရာများကို စစ်ကောင်စီတပ်ဖွဲ့က ကုသပေးလျက်ရှိပြီး ကန်သုံးဆင့် ဆရာတော်ကြီးမှာ ဒဏ်ရာ အနည်းငယ်သာရရှိသည်ဟု ယင်းက ဆက်လက်မိန့်ကြားသည်။

စာတည်း – သန့်ဇော်(သန်လျင်)