ကလေးမြို့ အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများ ဆေးကုသခွင့်နှင့် ထောင်ဝင်စာတွေ့ခွင့် အရေးပေါ် လိုအပ်နေဟုဆို

ပြီးခဲ့သည့်ဧပြီလအတွင်းက ဖမ်းဆီးခံခဲ့ရသည့် က​လေးသပိတ်​ကော်မတီဝင်​လေးဦးအား​တွေ့ရစဥ် (ဓာတ်ပုံ- Fifty Two)

ပြီးခဲ့သည့်ဧပြီလအတွင်းက ဖမ်းဆီးခံခဲ့ရသည့် က​လေးသပိတ်​ကော်မတီဝင်​လေးဦးအား​တွေ့ရစဥ် (ဓာတ်ပုံ- Fifty Two)

001 (မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မော်လိုက်ကလေးအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများမှာ အကျဉ်းထောင်တွင်း ဖိနှိပ်ခံနေရပြီး ဆေးကုသခွင့်နှင့် ထောင်ဝင်စာတွေ့ခွင့်တို့အရေးပေါ်လိုအပ်နေကြောင်း ကလေးမြို့ပင်မသပိတ်အင်အားစုထံက သိရသည်။

ကလေးမြို့နယ် သပိတ်ကော်မတီဝင်များဖြစ်သည့် ကိုသန်းစိုးဦး၊ ကိုမျိုးကိုဝင်း၊ မနှင်းစံနှင့် မကျန်ဒိတ်ကိမ်တို့ လေးဦးမှာလည်း စစ်ကြောရေးတွင် ညှဥ်းပန်းနှိပ်စက်ခံခဲ့ရမှုများကြောင့် အမြင်အာရုံ၊ အကြားအာရုံချို့တဲ့ ဒဏ်ရာများရရှိထားသည့်အတွက် အရေးပေါ်ဆေးကုသမှုများ လိုအပ်နေကြောင်း ကလေးမြို့ပင်မသပိတ်ကော်မတီဝင် ကိုဗိုက်ပူကပြောသည်။

“ကျွန်တော်တို့ရဲဘော်တွေဟာဆိုရင် စစ်ကောင်စီရဲ့ တပ်ဌာနချုပ်တခုဖြစ်တဲ့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်မှာ စစ်ကြောရေးတွေ လူမဆန်စွာ နှိပ်စက်ခံရတယ်။ အဲ့ဒီရဲ့ နောက်ဆက်တွဲမှာ ကျွန်တော်တို့ရဲ့ ရဲဘော်တွေဟာ ရုပ်ပိုင်းအရရော စိတ်ပိုင်းဆိုင်ရာအရရော တော်တော်လေး ထိခိုက်ဒဏ်ရာတွေရရှိကြတယ်။ အခုသူတို့ တရားရင်ဆိုင်မှုအပြီးမှာ ကျွန်တော်တို့ သပိတ်ရဲဘော်တွေဟာ အမြင်အာရုံတွေ အကြားအာရုံတွေချို့တဲ့ဒဏ်ရာတွေရရှိတယ်ဆိုတာ ကြားသိရပါတယ်”ဟု ဆိုသည်။

၎င်းတို့ လေးဦးမှာ ပြီးခဲ့သည့် ဧပြီလအတွင်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ပုဒ်မ ၅၀၅(က)၊ ၅၀ (ည)၊ ၅၀ (ဈ)၊ ၅၂ (က) တို့ဖြင့် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ထောင်ဒဏ် ၁၂ နှစ်စီ အပြီးသတ် ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ မော်လိုက်ကလေးအကျဉ်းထောင်တွင် အကျဉ်းသားများ မျက်စိနာကူးစက်ရောဂါများလည်း ပျံ့ပွားလျက်ရှိပြီး ဆေးကုသခွင့် အခွင့်အရေးများ ဆုံးရှုံးနေကြရကြောင်း သိရသည်။

“မော်လိုက်ကလေးထောင်မှာ အပြင်ကဆေးဝါးမပြောပါနဲ့။ ထောင်တွင်းဆေးကုသမှုတောင် လုံလုံလောက်လောက်မရပါဘူး”ဟု ကိုဗိုက်ပူကပြောသည်။

ထို့ပြင် အကျဉ်းထောင်သို့ အခြားဒေသများမှ အဓမ္မဖမ်းဆီးခံရပြီး ရောက်ရှိလာသည့် နိုင်ငံရေးအကျဉ်းသားများအနေဖြင့်လည်း အာဟာရလုံလောက်စွာစားသောက်ခွင့်မရဘဲ ငါးပိဘူးများသာ စားသောက်နေရသည့်အတွက် ထောင်ဝင်စာတွေ့ခွင့်ရရန် အရေးပေါ်လိုအပ်နေသည်ဟု ကလေးမြို့ပင်မသပိတ်အင်အားစု၏ စက်တင်ဘာလ ၂၉ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကျဉ်းထောင်အသီးသီးရှိ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားများ၏ အသက်အန္တရာယ်လုံခြုံရေး၊ ညှဥ်းးပန်းနှိပ်စက်ခံရမှုများ ပပျောက်စေရေးနှင့် အလျင်အမြန် လွတ်မြောက်စေရေးအတွက် စစ်တပ်အားဖိအားပေး ဆန့်ကျင် ကန့်ကွက်ရုံမျှဖြင့် မလုံလောက်ဘဲ သက်ဆိုင်ရာ အစုအဖွဲ့အသီးသီးနှင့် ချိတ်ဆက်ပြီး အကျိုးရှိထိရောက်သည့် ပံ့ပိုးကူညီမှုများ ပြုလုပ်ရန် အဆိုပါ သပိတ်အင်အားစုက နိုင်ငံတကာကို တိုက်တွန်းထားသည်။

ထို့ပြင် ပြည်သူလူထုအနေဖြင့်လည်း အကျဉ်းထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများအတွက် တော်လှန်ရေးတွင် နည်းမျိုးစုံဖြင့် ပါဝင်ပေးကြရန်နှင့် “ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာတည်ဆောက်”ဆိုသည့် လူထုလှုပ်ရှားမှုတွင် အရှိန်အဟုန်ဖြင့် ပါဝင်ဆောင်ရွက်ကြရန် ကလေးမြို့သပိတ်ကော်မတီဝင် ကိုဗိုက်ပူက တိုက်တွန်းသည်။

အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ စစ်ကောင်စီ၏ မတရားဖမ်းဆီးခံခဲ့ရသူ ၂၄,၈၀၀ ကျော်ရှိပြီး ယခုအချိန်အထိ အကျဉ်းထောင်များတွင် ဆက်လက်ထိန်းသိမ်းခံနေရသူ ၁၉,၂၀၀ ကျော်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး