စစ်ကောင်စီ ဖမ်းဆီးထားသည့် ARF တပ်ဖွဲ့ဝင် ၆ ဦး အပါအဝင် ၈ ဦး အဆက်အသွယ် ပြတ်တောက်

ARF တပ်ဖွဲ့ဝင်များ စစ်ရေးလှုပ်ရှားစဥ် (ဓာတ်ပုံ- ARF)

မင်းထက်

(မဇ္ဈိမ)။ ။ ဧရာဝတီတိုင်း၊ ကွင်းကောက်မြို့တွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသည့် ARF အဖွဲ့ဝင် ခြောက်ဦး အပါအဝင် အမျိုးသား ရှစ်ဦး နှင့်ပတ်သက်၍ သတင်းအချက်အလက် မရဘဲ အဆက်အသွယ်ပြတ်တောက်နေသည်ဟု ၎င်းတို့၏ မိသားစုဝင်များနှင့် နီးစပ်သူများထံက သိရသည်။

ဧပြီလ ၂၂ ရက်က ဟင်္သာတမြို့ခံ ကိုစည်သူလပြည့်နှင့် ယာဥ်မောင်း တဦးသည် Ayeyarwaddy Revolution Front (ARF) အဖွဲ့ဝင် ခြောက်ဦးကို လွှတ်မြောက်နယ်မြေသို့ လိုက်ပို့စဥ် ကွင်းကောက်မြို့၌ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ARF တာဝန်ရှိသူကဆိုသည်။

“အဖမ်းခံရပြီးတည်းက စုံစမ်းတာ အခုထိ သေသေချာချာမသိရသေးဘူး။ ကျွန်တော်တို့ အဖွဲ့ဝင်တွေနဲ့ အတူ အဖမ်းခံရတဲ့ နှစ်ယောက်ထဲက ကိုစည်သူလပြည့်ဆိုရင်လည်း ကျန်ခဲ့တဲ့ ရက်ပိုင်းက စစ်ကြောရေးမှာ ဆုံးသွားပြီလို့ သ တင်းတွေထွက်လာတယ်။ သေချာလိုက်မေးပြန်တော့လည်း သတင်းက ရေရေရာရာ မဟုတ်ဘူး။အဓိကက အစဖျောက်ပစ်လိုက်မှာကိုပဲ စိုးရိမ်တာပါ” ဟု ၎င်းကဆိုသည်။

ဖမ်းဆီးခံရသူများမှာ ARF အဖွဲ့ဝင်များမှာ ကိုကျော်ကျော်နိုင်၊ ကိုအောင်မျိုးမင်း၊ ကိုမင်းသက်အောင်၊ ကိုချမ်းမြေ့စိုး၊ ကိုသိန်းဇော်ဦး နှင့် ကိုဖြိုးသူကျော်တို့ဖြစ်ကြောင်း သိရသည်။

ကွင်းကောက်မြို့ တိုင်းဗဟိုလေ့ကျင့်ရေး (၅) အတွင်းရှိ စစ်ကြောရေးတွင် ချုပ်နှောင်ထားခံရကြောင်း နှင့် ဧပြီလ နောက်ဆုံးပတ်အတွင်း အမျိုးသား နှစ်ဦးကို အဝတ်မဲများစွတ်ကာ ကြံခင်းမြို့နယ် စပါးအိုး နှင့် ပိုးစုကြီး ကျေးရွာများသို့ စစ်ကောင်စီတပ်ဖွဲ့များက ခေါ်ဆောင်သွားသည်ဟု နောက်ဆုံးသိထားရကြောင်း ၎င်းက ပြောသည်။

ဟင်္သာတခရိုင်အတွင်းရှိ တော်လှန်ရေး အင်အားစုများကလည်း ထိုသို့ အဖမ်းခံရသည်ကိုသာ သိရှိသော်လည်း နောက်ဆက်တွဲ သတင်းများကို မကြားသိရကြောင်း မဇ္ဈိမကို ပြောသည်။

ARF သည် တော်လှန်ရေးကာလအတွင်း ဟင်္သာတခရိုင်တွင်းရှိ အဖွဲ့ငယ်များ စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ထိတွေ့မှု ငါးကြိမ်ထက်မနည်းရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ၂၀၂၂ ခုနှစ် နောက်ပိုင်းမှ စကာ ဧရာဝတီတိုင်းမှ ဖမ်းဆီးရမိသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ သတင်းကို မထုတ်ပြန်တော့ဘဲ ရိုက်နှက်စစ်ဆေးခြင်း၊ စစ်ကြောရေးတွင် နှိပ်စက်သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများကဆိုသည်။

ပြီးခဲ့သည့် မေလ ၅ ရက်က PDF နှင့် ပတ်သက်သည်ဟု စွပ်စွဲဖမ်းဆီးခံရသည့် ငပုတောမြို့နယ် ၊ ဟိုင်းကြီးကျွန်းမြို့၊ မရမ်းကွင်းကျေးရွာတွင် နေထိုင်သည့် (အသက် ၅၀) ကျော်အရွယ် NLD အလုပ်အမှုဆောင်ဟောင်း ဦးသန်းထွန်းကို ဟိုင်းကြီးရေတပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောရေးတွင် နှိပ်စက်သတ်ဖြတ်ခဲ့သေးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး