ဘေယာ လေဗာကူဆင်ရဲ့ သမိုင်းဝင် ရှုံးပွဲမရှိ ချန်ပီယံဆုဖလား နောက်ကွယ်မှ ကိန်းဂဏန်းများ

By PKThawn

ဘေယာ လေဗာကူဆင်ဟာ တနင်္ဂနွေနေ့က အော့စ်ဘတ်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရပြီးနောက် သမိုင်းဝင် ရှုံးပွဲမရှိ ဘွန်ဒက်စ်လီဂါရာသီအဖြစ်နဲ့ အမှတ်ပေးဖလားကို သိမ်းပိုက်ခဲ့ပါတယ်။ ဒီနေရာမှာ ဖော်ပြထားတာတွေကတော့ ဇာဘီအလွန်ဆို အသင်းရဲ့ ထူးခြားတဲ့ စွမ်းဆောင်ရည်နောက်ကွယ်က ကိန်းဂဏန်းတွေပါ။

၀ – လေဗာကူဆင်ဟာ ဒီရာသီ ဘွန်ဒက်လီဂါမှာ တပွဲမျှ ရှုံးပွဲမရှိခဲ့ပါဘူး။

၁ – လေဗာကူဆင်တို့ဟာ ဂျာမန်ဘောလုံးသမိုင်းမှာ ဘွန်ဒက်လီဂါ တရာသီအတွင်း ရှုံးပွဲမရှိတဲ့ ပထမဆုံးအသင်းဖြစ်ပါတယ်။

၅၁ – လေဗာကူဆင်ဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ ၅၁ ပွဲအထိ ရှုံးပွဲမရှိထားပါဘူး။ ဘွန်ဒက်လီဂါ ၃၄ ပွဲ၊ ယူရိုပါလိဂ် ၁၂ ပွဲနဲ့ ဂျာမန်ဖလား ၅ ပွဲတို့ကို ကစားခဲ့တာပါ။

၁ – လေဗာကူဆင်အသင်းရဲ့ နှစ် ၁၂၀ သမိုင်းမှာ ပထမဆုံး ဘွန်ဒက်လီဂါချန်ပီယံဖလားဖြစ်ပါတယ်။

၂ – လေဗာကူဆင်ဟာ ဒီရာသီမတိုင်မီ ဆုဖလား နှစ်ကြိမ်သာ ရရှိခဲ့ဖူးပြီး ၁၉၈၈ ယူရိုပါလိဂ်နဲ့ ၁၉၉၃ ဂျာမန်ဖလားတို့ကို ဆွတ်ခူးခဲ့တာပါ။

၃ – ဧပြီလမှာ ဘွန်ဒက်လီဂါဖလား သိမ်းပိုက်မှုနဲ့အတူ လေဗာကူဆင်က ဒီရာသီမှာ စုစုပေါင်း ဆုဖလား သုံးလုံး ဆွတ်ခူးနိုင်ဖွယ်ရှိပါတယ်။ အလွန်ဆိုရဲ့ အသင်းဟာ လာမယ့် ဗုဒ္ဓဟူးနေ့ ယူရိုပါလိဂ်ဖိုင်နယ်မှာ အတ္တလန်တာ၊ စနေနေ့ ဂျာမန်ဖလား ဖိုင်နယ်မှာ Kaiserslautern အသင်းတို့နဲ့ အသီးသီးရင်ဆိုင်ရမှာဖြစ်ပါတယ်။

၅ – လေဗာကူဆင်ဟာ လိဂ်ပြိုင်ပွဲမှာ ဒုတိယ ငါးကြိမ်ရထားပါတယ်။

၁၅ – ဒီနှစ် ပြိုင်ပွဲအရပ်ရပ်မှာ ပွဲချိန် မိနစ် ၉၀ နောက်ပိုင်း လေဗာကူဆင်အနေနဲ့ ၁၅ ဂိုး သွင်းယူထားပါတယ်။ ပွဲချိန်မိနစ် ၈၀ ကနေ စရေတွက်ပါက စုစုပေါင်း ၃၃ ဂိုးအထိ သွင်းထားနိုင်ခဲ့တာပါ။

၅၉ – ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ ရိုးမားကို ပွဲပြီးခါနီး ချေပဂိုးသွင်းယူခဲ့ပြီးနောက် လေဗာကူဆင်တို့ ၄၉ ပွဲဆက် ရှုံးပွဲမရှိဆက်ခဲ့ပါတယ်။ ဒါဟာ ဘင်ဖီကာက ၁၉၆၃ ကနေ ၁၉၆၅ ကြားတင်ရှိထားတဲ့ ၅၉ နှစ်ကြာ UEFA စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာပါ။

၉၀ – ဒီရာသီ လေဗာကူဆင်ရဲ့ စုစုပေါင်း ရမှတ်ဖြစ်ပါတယ်။ ၂၀၁၂-၁၃ (၉၁ မှတ်) ဘိုင်ယန်မြူးနစ်နောက်ပိုင်း ဘွန်ဒက်လီဂါသမိုင်းမှာ ဒုတိယအကောင်းဆုံးရမှတ်ဖြစ်ပါတယ်။

၃ – လေဗာကူဆင်ကွင်းလယ်ကြယ်ပွင့် ဖလောရင့်ဝှစ်က ဒီရာသီ ဘွန်ဒစ်လီဂါ တလတာအကောင်းဆုံးကစားသမားဆုကို သုံးကြိမ်ရယူခဲ့ပြီး အောက်တိုဘာ၊ ဒီဇင်ဘာနဲ့ ဖေဖော်ဝါရီလတွေမှာ ရယူခဲ့တာပါ။ တလတာအကောင်းဆုံးဆုကို ရယူနိုင်ခဲ့တဲ့ တခြား  လေဗာကူဆင်ကစားသမားတွေကတော့ ဧပြီလမှာ အဲလက်စ် ဂရီမယ်ဒိုနဲ့ ဩဂုတ်လမှာ ဗစ်တာ ဘိုနီဖေ့စ်တို့ဖြစ်ပါတယ်။

၃ – ဒီရာသီလိဂ်ပြိုင်ပွဲမှာ ၁၀ ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့တဲ့ ကစားသမား သုံးဦးရှိပါတယ်။ သူတို့တွေကတော့ ဘိုနီဖေ့စ် (၁၄ ဂိုး)၊ ဖလောရင့်ဝှစ် (၁၁ ဂိုး) နဲ့ ဂရီမယ်ဒို (၁၀ ဂိုး) တို့ဖြစ်ပါတယ်။

၁၃ – ဂရီမယ်ဒိုက လိဂ်မှာ ဂိုးဖန်တီးမှု ၁၃ ကြိမ်နဲ့ အမြင့်ဆုံးပြုလုပ်ခဲ့ပြီး ဖလောရင့်ဝှစ်ကတော့ ၁၁ ကြိမ် ရှိခဲ့ပါတယ်။

၃၃ – လေဗာကူဆင်ဟာ သူတို့ရဲ့ ၃၄ ပွဲမှာ ၃၃ ပွဲ ဂိုးသွင်းယူထားခဲ့ကာ မိုချန်ဂလတ်ဘတ်နဲ့ အိမ်ကွင်းမှာ ဂိုးမသွင်းနိုင်ဘဲသရေကျခဲ့တဲ့ပွဲဖြစ်ပါတယ်။

(AFP)