မွန်ပြည်နယ်တွင် အမျိုးသား ၂ ဦး ဆိုင်ကယ်အတူမစီးရဟု စစ်ကောင်စီ ကန့်သတ်

မွန်ပြည်နယ်တွင် အမျိုးသား ၂ ဦး ဆိုင်ကယ်အတူမစီးရဟု စစ်ကောင်စီ ကန့်သတ်

YT (မဇ္ဈိမ) ။ ။မွန်ပြည်နယ်အတွင်းမှ မြို့နယ်လေးခုတွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးရဟု စစ်ကောင်စီ က ကန့်သတ်မိန့်ထုတ်ပြန်လိုက်ကြောင်း ဒေသခံများကမဇ္ဈိမကို ပြောသည်။
ပေါင်၊ ဘီးလင်း၊ ကျိုက်ထိုနှင့် ရေးမြို့နယ်တို့တွင် စစ်ကောင်စီလက်အောက်ခံ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနက မြို့အတွင်းလိုက်လံကြေညာခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။


“အုပ်ကြီးတွေဆက်တိုက်အပစ်ခံရတာများလာတော့ အမျိုးသားနှစ်ယောက်မစီးရဆိုပြီး ရွာတွေအထိ လော်နဲ့လိုက်အော်တာ။ အခုဆို ရွာတွေထဲလည်း ခဏခဏဝင်စစ်တယ်၊ အဖမ်းခံရတဲ့သူတွေလည်း ရှိ တယ်” ဟု ပေါင်မြို့နယ်မှ ဒေသခံအမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။


စစ်ကောင်စီ၏ ကန့်သတ်ချက်များမှာ အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူ မစီးရ၊ အမျိုးသမီး မောင်းနှင်သည့် ဆိုင်ကယ်နောက်တွင် အမျိုးသားလိုက်ပါစီးနင်းခြင်း မပြုရ၊ အမျိုးသားများဆိုင်ကယ်စီးမည်ဆိုပါက တဦး တည်းသာစီးရမည် စသည့်အချက်များ ဖြစ်သည်။


စစ်ကောင်စီက ဆိုင်ကယ်စီးခွင့်ကန့်သတ်လာသည့် အဆိုပါမြို့နယ်များရှိ ဒေသခံအများစုသည်နေ့စဉ်ဘဝ သွားလာရေးအတွက် ဆိုင်ကယ်ကိုသာ အဓိကအသုံးပြုနေရသည့် မြို့နယ်များဖြစ်သည်။


ယခုကဲ့သို့ အမျိုးသားများအား ဆိုင်ကယ်စီးခွင့်အား ကန့်သတ်လာခြင်းကြောင့် အခက်အခဲများစွာကြုံရ ကြောင်း ကျိုက်ထိုမြို့ခံ ဆိုင်ကယ်ကယ်ရီမောင်းသူ အမျိုးသားတဦးက မဇ္ဈိမကို ပြောသည်။


“ငါတို့က ဆိုင်ကယ်ကယ်ရီမောင်းမှ ထမင်းစားရတာလေ၊ ယောကျ်ားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ်တင်မှ ပိုက် ဆံရမှာ။ ဒါကို ဒီကောင်တွေက သက်သက်လိုက်ပိတ်ပင်ပြီး ဟိုဟာမတင်ရ ဒီဟာမတင်ရဆိုတော့ ဘာ လုပ်စားရတော့မလဲ” ဟု ဆိုင်ကယ်ကယ်ရီမောင်းသည့် အမျိုးသားတဦးက မဇ္ဈိမကို ပြောသည်။


ဘီးလင်းမြို့နယ်မှ လူငယ်တဦးကလည်း “အပေါင်းအသင်းတွေ အပြင်သွားတာမျိုးရှိတယ်လေ၊ ဟိုး အရင် တည်းက ဆိုင်ကယ်တစီးကို နှစ်ယောက်၊ သုံးယောက် အဲဒီလိုစီးနေကျပဲ၊ အဲ့ဒါကို ဆိုင်ကယ် တစီးမှာ တယောက်ပဲ စီးရမယ်ဆိုတော့ လူတိုင်းဆိုင်ကယ်ပိုင်တာမှ မဟုတ်တာ” ဟု မဇ္ဈိမကို ပြောသည်။


မြို့ပေါ်ဒေသတွင် စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးတာဝန်ရှိသူများ မကြာခဏ ပစ်ခတ်ခံရမှုများရှိလာပြီးနောက် အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးရဆိုသည့် အမိန့်ကို စစ်ကောင်စီ ဘက်က ထုတ်ပြန်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။


လက်ရှိမှာ အမျိုးသားနှစ်ဦး ဆိုင်ကယ်တစီးတည်း မစီးရဆိုသည့် အမိန့်ကို မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်းနှင့် တနင်္သာရီတိုင်းက မြို့နယ်အချို့တွင် စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ