မြန်မာ့ရေးရာလေ့လာမှုဌာန The Myanmar Studies Center (MSC@UP) ကို အိုလိုမာ့စ်မြို့ရှိ ပါလက်ပ်စကီတက္ကသိုလ်မှာ စတင်ဖွင့်လှစ်

မြန်မာ့ရေးရာလေ့လာမှုဌာန The Myanmar Studies Center (MSC@UP) ကို အိုလိုမာ့စ်မြို့ရှိ ပါလက်ပ်စကီတက္ကသိုလ်မှာ မနေ့ (မေလ ၁၅ ရက် ၂၀၂၄) က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒီဌာနဟာ မြန်မာရေးရာနှင့်ပတ်သက်ပြီး အာရုံစိုက်မှုနည်းနေသေးတဲ့ ချက်ပြည်သူ့သမ္မတနိုင်ငံနဲ့ အလယ်ဥရောပမှာ ပထမဆုံး ဖွင့်လှစ်တဲ့ မြန်မာရေးရာ‌လေ့လာမှုဌာနဖြစ်ပါတယ်။ ပညာရပ်ဆိုင်ရာ လေ့လာမှု အားနည်းနေတဲ့ လိုအပ်ချက်ကို ဖြည့်စည်းပေးဖို့အတွက် MSC@UP က မြန်မာရေးရာကို အခြေတည်ပြီး အခြားသော ပညာရပ်ဆိုင်ရာ သုတေသနများနဲ့ ပညာရေးလုပ်ငန်းများကို မြှင့်တင်ဖို့ ရည်ရွယ်ပါတယ်။

ဒီဌာနစတင်ဖွင့်လှစ်ဖို့ ဦး‌ဆောင်ခဲ့တဲ့ ဒေါက်တာ ခရစ္စတီးနား ကီရွန်စကာ က ၂၀၁၅ ကနေ ၂၀၁၆ အထိ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့သူတဦး ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး သူမက မြန်မာနဲ့ပတ်သက်တဲ့ ခေါင်းစဉ်မျိုးစုံကို သုတေသနပြုလုပ်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ (ဥပမာ မြန်မာ့အာဏာသိမ်းဖြစ်စဥ်နောက်ဆက်တွဲအခြေအနေများ ဆန်းစစ်မှု မှာ လေ့လာကြည့်နိုင်ပါတယ်။)

အခု ဖွင့်လှစ်လိုက်တဲ့ မြန်မာရေးရာဌာနကနေဦးစီးပြီး လာမယ့် ၂၀၂၄ ခုနှစ် ဇွန်လမှာ summer school တခုကို ကိုဖွင့်လှစ်သွားမှာဖြစ်ပြီး မြန်မာ့အရေးကို ဦးစားပေးဆွေးနွေးသွားမယ့် “Indo-Pacific-Navigating Geostrategic Dynamics: Southeast Asia and Myanmar” ခေါင်းစဥ်နဲ့ဆွေးနွေးသင်ကြားသွားမှာ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း Interdisciplinary Myanmar Conference 2024 အမည်နဲ့ စာတမ်းဖတ်ပွဲတခုကိုလည်းကျင်းပသွားမှာဖြစ်ပါတယ်။