မြင်းခြံနှင့်မတ္တရာတွင် ကြံ့ခိုင်ရေးပါတီ၀င် ၃ ဦး အသတ်ခံရ

မြင်းခြံနှင့်မတ္တရာတွင် ကြံ့ခိုင်ရေးပါတီ၀င် ၃ ဦး အသတ်ခံရ

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဟောင်းဦးသန်းဌေး (ဓာတ်ပုံ- CJ)

007 (မဇ္စျိမ) ။ ။ မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ်နှင့် မတ္တရာမြို့နယ်တို့တွင်၊ ကြံ့ခိုင်ရေးပါတီ ရပ်/ ကျေး ကော်မတီ၀င်တဦးနှင့် ပါတီ၀င်နှစ်ဦးတို့ အောက်တိုဘာလ ပထမပတ်အတွင်း ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရကြောင်း သက်ဆိုင်ရာသတင်းရင်းမြစ်များထံက သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၄ ရက် မနက် ၀: ၃၀ မိနစ်အချိန်ခန့်က မြင်းခြံမြို့နယ် ၊ သာပေါင်းကျေးရွာအုပ်စု၊ ပတ္တာကျေးရွာမှ ကြံ့ခိုင်ရေးပါတီရပ်/ကျေးကော်မတီ၀င် ဦးနိုင်ဦး(အသက် ၅၀ နှစ်)ဆိုသူ အအသက်ခံခဲ့ရသည်။

ကျေးရွာဆယ်အိမ်ခေါင်းဖြစ်သူ ဦးနိုင်ဦး နေအိမ်၌ရှိနေစဉ် သေနတ်သမားသုံးဦးက ၀င်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ကျေးရွာအနောက်ဘက် တမိုင်ခန့်အကွာ ဧရာ၀တီမြစ်ကမ်းစပ် တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သည့်အသိုက်အ၀န်းထံက သိရသည်။

“နွားထိုးကြီးမှာ ကြံ့/ဖွံ့(ကြံ့ခိုင်ရေးပါတီ၀င်)လေးယောက်အသတ်ခံရလို့ သတိနဲ့နေနေတဲ့ကြားကမှ ဦးနိုင်ဦးက နောက်တစ်ရက်မှာ ညဘက်ကြီး(ညဉ့်သန်းခေါင်းကျော်)အဖမ်းခံလိုက်ရတယ်။ နောက်တနေ့မနက်မှာ အလောင်းတွေ့တာပဲ။ အခု မြင်းခြံ နွားထိုးကြီးဘက်မှာ ကြံ့ဖွံ့တွေ ကိုယ့်အိမ်ထဲကိုယ် မနေရဲတော့ဘူးဖြစ်နေတယ်” ဟု လုံခြုံရေးအရအမည်မဖော်လိုသူ မြင်းခြံဒေသခံသတင်းရင်းမြစ်တဦးက ပြောသည်။

အောက်တိုဘာလ ၃ ရက်က ည ၁၁ နာရီခန့်က မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ၊ တောင်ကန်ကျေးရွာအုပ်စု၊ ထန်းပင်ကုန်းကျေးရွာတွင်လည်း၊ ကြံ့ခိုင်ရေးပါတီ၀င်အမျိုးသားနှစ်ဦး အလားတူဖမ်းဆီးသတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများထံကသိရသည်။

“ညဘက်မှာ လာဖမ်းသွားပြီး နောက်နေ့မနက်မှာ အလောင်းထားခဲ့လို့ အသတ်ခံလိုက်ရပြီဆိုတာသိကြတာ။ လက်ပြန်ကြိုးတုပ်ပြီးဖမ်းခေါ်သွားပြီး ရွာပြင်မှာသတ်ထားခဲ့တာ။ နှစ်ယောက်စလုံးက ထန်းပင်ကုန်းရွာသားတွေချည်းပဲ။ ကြံ့(ကြံ့ခိုင်ရေးပါတီ)အုပ်စုတွေလေ။ မယားညီအစ်ကိုတော်ကြတယ်” ဟု အမည်မဖော်လိုသူသတင်းရင်းမြစ်တဦးက ပြောသည်။

ဆိုင်ကယ် ၁၀ စီးဖြင့် ရောက်လာသည့် လူ၁၅ ဦးခန့်က ထန်းပင်ကုန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်းကို လာရောက်ဖမ်းဆီးခဲ့သော်လည်း ၎င်းလွတ်မြောက်သွားခဲ့သည်။ ထို့ကြောင့် ၎င်း၏ ညီ ကိုဝင်းမြင့်ထွန်း (အသက် ၃၀ နှစ်) နှင့် မယားညီကို တော်စပ်သူ ကိုမြတ်ကို(အသက် ၄၁ )တို့ကို လက်ပြန်ကြိုးတုပ် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် နောက်နေ့တွင် ရွာအပြင်ဘက်၍ ထိုးသွင်းပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ကြရခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ထိုသတ်ဖြတ်မှုများအား မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သွားကြောင်း ယနေ့ စက်တင်ဘာလ ၇ ရက်အထိ သတင်းတစ်စုံတစ်ရာထုတ်ပြန်လာခြင်းမရှိသေးပေ။

ထို့အပြင် သြဂုတ်လ ၁၁ ရက်နေ့ကလည်း ကြောင်နံကျေးရွာမှ ကြံ့ခိုင်ရေးပါတီ၀င်လေးဦးနှင့် ဖလံကုန်းကျေးရွာမှ ကြံ့ခိုင်ရေးပါတီရပ်/ကျေးဥက္ကဋ္ဌတို့ အလားတူသတ်ဖြတ်ခံထားရကြောင်းသိရသည်။
ကြံ့ခိုင်ရေးပါတီသည် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို မဲ အပြတ်အသတ်ဖြင့်ရှုံးနိမ့်ခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး