ရွှေဘိုမြို့နယ်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ ဒေသခံ သေဆုံး

ရွှေဘိုမြို့နယ်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ ဒေသခံ သေဆုံး

MTO (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ရင်းဘာရွာတွင် အောက်တိုဘာလ ၁၅ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ဒေသခံတဦး သေဆုံးသွားသည်ဟု ဒေသခံထံက သိရသည်။
“မြို့မြောက်ဘက်ကိုပစ်တာ ရင်းဘာရွာကအသက် ၁၈နှစ်အရွယ် အမျိုးသားတဦး သေဆုံးသွားတယ်။ အဲ့နောက် ၃ နာရီခွဲလောက်မှာ နောက်ထပ်တကြိမ် အနောက် ဘက်ကိုပစ်တာ ရွာသစ်ရွာက ပြည်သူနှစ်ဦး အသေးစား ထိခိုက်မှုတွေ ရှိခဲ့တယ်” ဟု Wetlet Information Network မှ တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့သည် အင်အား ၁၀၀ဖြင့်အောက်တိုဘာလ ၁၂ ရက်နေ့ မှစတင်ကာ စစ်ကြောင်းထိုးလာပြီးနောက် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ရွှေဘိုမြို့အဝင် တောင်ဘက်မုဒ်ဦးတွင် ၁၂၀ မမ လက်နက်ကြီး အထိုင်ချကာ မြောက်ဘက်နှင့် အနောက်ဘက်တို့သို့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
ရွှေဘိုမြို့ အမှတ်(၈)လေ့ကျင့်ရေး သင်တန်းကျောင်းမှ လက်နက်ကြီးပစ်ခတ်မှုများ မကြာခဏ ရှိခဲ့သော်လည်း ယခုကဲ့သို့ ၁၂၀ မမ လက်နက်ကြီးအသုံးပြု ပစ်ခတ်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် စစ်ကြောင်းသည်ဝက်လက်မြို့နယ် မောက်ကြိုးကျေးရွာကိုလည်း ဝင်ရောက်မီးရှို့ခဲ့ကြောင်း Wetlet Information Network မှ တာဝန်ရှိသူထံက သိရသည်။
စစ်ကောင်စီတပ် စစ်ကြောင်းများသည် ယခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းအတွင်းရှိ ရွှေဘို ၊ ဝက်လက် ၊ ပုလဲ ၊ ခင်ဦး ၊ ယင်းမာပင် စသည့် မြို့နယ်များအတွင်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည်ဟု ဒေသခံထံက သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ