ဘီးလင်းတွင် ရဲ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ဘီးလင်းတွင် ရဲ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

YT (မဇ္ဈိမ) ။ ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းကကျေးရွာ၊ ဝင်းကနယ်မြေ ရဲစခန်းမှ ရဲတဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

ပစ်သတ်ခံရသူသည် ဝင်းကနယ်မြေရဲစခန်းမှ ရဲတပ်သား ဇော်နိုင်ဝင်းဖြစ်ပြီး ကျေးရွာအတွင်းရှိ အရက်ဆိုင်တဆိုင်၌ ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။

“ကျိုက်ထို- တောင်စွန်း ကားလမ်းဘေးက အရက်ဆိုင်ထဲမှာ ဖြစ်တာ၊ ဆိုင်က လူစုံတယ်လေ၊ ရဲရော ထောက်လှမ်းရေးရော အကုန်လာထိုင်သောက်ကြတဲ့ဆိုင်ပဲ၊ အခု လာပစ်သွားတာကောင်လေး ငယ်ငယ်လေးတွေပဲ၊ သုံး၊ လေးချက်လောက် ဆက်တိုက် ပစ်သွားတာ” ဟု ဝင်းကကျေးရွာ ဒေသခံအမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရဲတပ်သား ဇော်နိုင်ဝင်းသည် လည်ပင်းနှင့် လက်တို့တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

“ကျနော်တို့ တော်လှန်ရေးအင်အား စုတွေအနေနဲ့ အချိန်မရွေး ဝင်ရောက် ထိုးဖောက်နိုင်တယ်ဆိုတဲ့ သဘောနဲ့ တော်လှန်ရေးအင်အားစုတဖွဲ့က သွားရောက် ပြုလုပ်ခဲ့တာဖြစ်တယ်” ဟု ဘီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) တာဝန်ခံက မဇ္ဈိမကိုပြောသည်။

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာ နေရာသို့ ရောက်လာပြီး ဆိုင်အတွင်းရှိနေသူများအပါအဝင် အနီးပတ်ဝန်းကျင်ရှိ ဒေသခံများအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သေးကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် မေလ ၆ ရက်နေ့ကလည်း ဝင်းကနယ်မြေရဲစခန်းကို ဒေသခံတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲနှစ်ဦးသေဆုံးသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

စာတည်း။ ။ နောင်နောင်