တိုက်ခိုက်ခံရပြီး‌‌နောက် ရခိုင်တွင် အရပ်သားများကို စစ်ကောင်စီ နေ့စဉ်ဖမ်းဆီးနေ၊ ၃ရက်အတွင်း ၅၅ ဦး အဖမ်းခံရ

တိုက်ခိုက်ခံရပြီး‌‌နောက် ရခိုင်တွင် အရပ်သားများကို စစ်ကောင်စီ နေ့စဉ်ဖမ်းဆီးနေ၊ ၃ရက်အတွင်း ၅၅ ဦး အဖမ်းခံရ

Rakhine VJ (မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်တောင်ပိုင်းမြို့များ၌ စစ်စခန်းများတိုက်ခိုက်ခံရပြီးနောက် ဒေသခံများကို စစ်ကောင်စီက နေ့စဉ် လိုက်လံဖမ်းဆီးနေပြီး သုံးရက်အတွင်း အရပ်သား ၅၅ ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း ဒေသခံသတင်းရင်းမြစ်များကပြောသည်။

၁၀၂၇ စစ်ဆင်ရေးအဖြစ် ရသေ့တောင်၊ မောင်တောနှင့် မင်းပြားမြို့ရှိ စစ်ကောင်စီ စခန်းအချ်ို့ကိုရက္ခိုင့်တပ်တော်(AA) ကနိုဝင်လာလ ၁၃ရက်နံနက်တွင် စတင် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက အရပ်သားများကို လိုက်လံဖမ်းဆီးနေခြင်းဟု ဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၅ရက်ညနေတွင် ငပလီကမ်းခြေ၊ ဂျိတ္တော ရပ်ကွက်၊ မဒေးတောင် ခြေတွင် နေထိုင်သော ရေလုပ်သား ကိုးဦးနှင့် ယမန်နေ့ နိုဝင်ဘာလ ၁၄ရက်ညက သံတွဲမြို့ခံ ခြောက်ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံ သတင်းရင်းမြစ်များက မဇ္ဈိမကို ပြောသည်။ ငပလီကမ်းခြေမြို့ ၊ သံတွဲမြို့ ၊တောင်ကုတ် မြို့နှင့် ကျောက်ဖြူမြို့တို့တွင် နိုဝင်ဘာလ ၁၃ရက်မှ ယနေ့ အထိ ဒေသခံ ၅၅ ဦးထက်မနည်းဖမ်းဆီးခံထားရကြောင်း သိရသည်။

“စစ်ကားတွေနဲ့ လာပြီးဖမ်းသွားတယ်။ မဒေးတောင်ဘက်ကတော့ နာမည်စာရင်းနဲ့ လာတယ်လို့ ပြောတယ်။ဆံပင်ညှပ်နေတဲ့ သူကို ဆံပင်ညှပ်ဆိုင်ထဲ ၀င်လာပြီး ရိုက်နက်ပြီး ဖမ်းသွားတယ်” ဟု ဒေသခံတဦးကပြောသည်။

စစ်ကောင်စီသည် တောင်ကုတ်၊ သံတွဲ၊ ဂွ၊ ရမ်းဗြဲနှင့် ကျောက်ဖြူမြို့နယ်များတွင် ULA/AA နှင့် ဆက်စပ်ပတ်သက်သည်ဟူသော သံသယ၊ စွပ်စွဲချက်များဖြင့် အရပ်သားပြည်သူများအား ပစ်မှတ်ထား လိုက်လံရှာဖွေဖမ်းဆီးခြင်းများ ဆက်တိုက်ပြုလုပ်နေသည်ဟု AAက သတိ‌ပေးထားသည်။ကျောက်ဖြူမြို့ ၊ တောင်ကုတ်မြို့တို့မှ ဒေသခံ ၄၆ ဦး ဖမ်းဆီးခံထားရကြောင်း AA က ယမန်နေ့ နိုဝင်ဘာလ ၁၄ရက်တွင် သတင်း ထုတ်ပြန်သည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်တောင်ပိုင်းမြို့များမှ စခန်းများအား AAက တိုက်ခိုက်လာမည်ကို စိုးရိမ်နေကြောင်း ရခိုင်သတင်းရင်းမြစ်များက သုံးသပ်ပြောဆိုကြသည်။

တောင်ကုတ်ဒေသခံတဦးက“အခု တခါက AA ဘက်ကလည်း ရသလောက် သိမ်းမယ့်ပုံစံ မျိုးဖြစ်နေ သလို စစ်တပ်က လည်း AA မလွှမ်းမိုးတဲ့ မြို့တွေမှာ အရမ်းဖိတယ်။မြို့အစွန်မှာ နေတဲ့သူတွေ မြို့ထဲ သွားခွင့်မရဘူး ” ဟု ပြောသည်။

AAသည် နို၀င်ဘာ ၁၃ ရက်တွင် စစ်ဆင်ရေး စတင်ပြီးနောက် မောင်တော ၊ မင်းပြား ၊ မြေပုံ၊ ရသေ့တောင်၊ ကျောက်ဖြူနှင့် ချင်းပြည်နယ် ပလက်၀မြို့များတွင် တိုက်ပွဲ ဖော်ဆောင်လျက်ရှိသည်။

တိုက်ပွဲများအတွင်း မင်းပြားမြို့ ခမရ (၃၄၄) မှ ဗိုလ်မှူးအဆင့်အပါအ၀င် ၁၀ ဦးကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးထားပြီးမောင်တောမြို့၊ ခလရ(၂၃၂) မှ ဒုစစ်ကြောင်းမှူး အပါအ၀င် ၁၄ ဦး သေဆုံးခဲ့ကြောင်း ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။ရသေ့တောင်မြို့၊ အပေါက်၀ ရဲစခန်းမှ တပ်သား ၂၂ ဦးလည်း လက်နက်ချ အညံ့ခံခဲ့ကြောင်း အသိပေးထားသည်

ပလက်ဝမြို့နယ်ရှိ ဗျူဟာကုန်းနှစ်ခုကို နို၀င်ဘာ ၁၄ ရက်မှစ၍ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီဘက် မှ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့ကရခိုင်ပြည်နယ်အတွင်း စစ်ရေးအခြေအနေကို ယနေ့ထုတ်ပြန်ထားသည်။

မောင်တောမြို့နယ်အတွင်းတိုက်ပွဲတွင်AA ဖမ်းဆီးထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် သိမ်းဆည်းလိုက်သည့် လက်နက်ခဲယမ်းများ

စာတည်း – အေးချမ်း