ကျောက်ဆည်ကြံ့ခိုင်ရေးပါတီရုံး တိုက်ခိုက်ခံရမှု လူငယ် ၆ဦးကို စစ်ကောင်စီမတရားဖမ်းဆီးဟုဆို

008(မဇ္ဈိမ) ။ ။ မန္တလေးတိုင်း၊ကျောက်ဆည်မြို့နယ်မှ ကြံ့ခ်ိုင်ရေးပါတီရုံးတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး ခြံလုပ်သားလူငယ် ခြောက်ဦးကို စစ်ကောင်စီတပ်ဖွဲ့က မတရား ဖမ်းဆီးသွားပြီး မည်သည့်နေရာတွင်ချုပ်နှောင်ထားသည်ကိုမသိရှိရကြောင်း ဒေသခံများကပြောသည်။

ကျောက်ဆည်မြို့မှ ကြံ့ခ်ိုင်ရေးနှင့် ဖွဲ့ဖြိုး‌ရေးပါတီရုံးသည် နိုဝင်ဘာ ၂၄ရက်က ဗုံးဖောက်ခွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုနှင့် ပတ်သက်သည်ဟုဆိုကာ ကျောက်ဆည်မြို့၊ ငှက်ပျောစိုက်ပျိုးရေးခြံမှ အသက် ၂၆နှစ်အရွယ် ကိုသိန်းစိုးဦး၊အသက် ၂၄နှစ်အရွယ်ကိုဖြိုးကို၊အသက် ၂၀နှစ်ခန့်အရွယ် ကိုသိန်းမောင်မောင်၊ကိုဝင်းကိုထွေး၊ကိုမျိုးမျိုးနှင့်ကိုဝေယံအောင်တို့ကို ယနေ့ နိုဝင်ဘာ ၂၈ရက်၊နံနက် ၈နာရီခန့်တွင် စစ်ကောင်စီက ဖမ်းဆီးသွားခြင်းဟုသိရသည်။

” အခုမနက်လာဖမ်းမှသိရတာ။ ကလေးတွေက ဒီခြံတွေမှာ လုပ်လာကြတာကြာပြီ။ နာမည်ပျက်ရှိတာ မကြားမိဘူး။သူတို့ခြံရှင်တွေလည်း ဘာလုပ်ရမယ်မသိကြသေးဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။

ထိုတိုက်ခိုက်မှုသည် ငှက်ပျောခြံလုပ်သားများနှင့် လုံးဝမသက်ဆိုင်ဘဲ မတရားဖမ်းဆီးခြင်းဟု ဒေသခံများကပြောသည်။

ဖမ်းဆီးခံရသည့် လူငယ်များနှင့်တွေ့ဆုံခွင့်ရရန် ငှက်ပျောခြံမှ တာဝန်ရှိသူတဦးက ကျောက်ဆည်မြို့နယ်ရဲတပ်ဖွဲ့ထံ သွားရောက် မေးမြန်းရာ စခန်း၌ မရှိဟု ရဲတပ်ဖွဲ့က ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။

ဖမ်းဆီးခံရသူများသည် မန္တလေးတိုင်း၊ ကူမဲနှင့်မြစ်သားမြို့ဘက်မှဖြစ်ပြီး ခြံလုပ်သားအဖြစ် အလုပ်ဝင်နေသည်မှာ ခြောက်နှစ်ခန့်ရှိပြီဟု သိရသည်။

ကျောက်ဆည်မြို့မှ ကြံ့ခ်ိုင်ရေးနှင့် ဖွဲ့ဖြိုး‌ရေးပါတီရုံးကို ဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Kyaukse Revolution Army နှင့် Kyaukse District Defence Forceက နိုဝင်ဘာလ ၂၄ရက်တွင်သတင်းထုတ်ပြန်ထားသည်။

ကျောက်ဆည်မြို့နယ်သည် စစ်အစိုးရခေါင်းဆောင် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၏ ‌ဇာတိဖြစ်သည်။ စစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူပြီးနောက်ပိုင်း ကျောက်ဆည်မြို့နယ်၌ စစ်အာဏာရှင်တော်လှန်ရေးလူထုလှုပ်ရှားမှုများ ရှိနေသည်။

စာတည်း – အေးချမ်း