မန္တလေး၊စစ်ကိုင်း၊တံတားဦးနှင့်အင်းဝမြို့ဒေသခံများ အပြင်မထွက်အသံတိတ်သပိတ် ပါဝင်ဆင်နွှဲ

007

(မဇ္ဈိမ)။ ။ နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အပြင်မထွက်အသံတိတ်သပိတ်လှုပ်ရှားမှုကို မန္တလေးမြို့နှင့်အနီးဝန်းကျင် စစ်ကိုင်း၊ တံတားဦး၊အင်းဝမြို့များမှ ဒေသခံများလည်း ယနေ့ ပါဝင်ဆင်နွှဲကြသည်ကိုတွေ့ရကြောင်း ဒေသခံများထံကသိရသည်။

“မနက် ၁၀ နာရီနောက်ပိုင်းမှာ အသွားအလာလျော့ကျသွားတယ်။ မနက်ပိုင်းမှာ သွားစရာရှိတာ ခပ်သုတ်သုတ် သွားကြပြီး ၁၀ နာရီနောက်ပိုင်းမှာ အပြင်မထွက်ကြတော့တာသတိထားမိတယ်” ဟု စစ်ကိုင်းမြို့ခံတဦးကပြောသည်။

နံနက်ပ်ိုင်းက ပုံမှန်အသွားအလာရှိခဲ့သည့်မန္တလေးမြို့တွင်လည်း နံနက်၁၀ နာရီနောက်ပိုင်းတွင် အသွားအလာလျော့ကျသွားပြီး မြို့တွင်းလမ်းမကြီးများနှင့်ကျုံးဘေးတစ်လျှောက် လူအသွားအလာမရှိ သလောက်ဖြစ်သွားကြောင်း သိရသည်။

“မန္တလေးကလူတွေကညီတယ်ခဗျ။ အခု မြင်နေရတဲ့အတိုင်းပါပဲ။ မြို့ထဲမှာအသွားအလာတိတ်ဆိတ်သွားတယ်။ ပုံမှန်ကျုံးဘေးလမ်းလျှောက်ကြတာတွေလည်းမရှိဘူး။ မင်္ဂလာမန္တလေးတို့လို ဈေးရှိတဲ့နေရာတွေမှာတောင် လူအသွားအလာမရှိသလောက်ဖြစ်သွားတယ်” ဟု မန္တလေးမြို့ခံတဦးကပြောသည်။

တံတားဦး နှင့် အင်းဝမြို့တို့တွင်လည်း ယနေ့ နေ့လယ်၌ လူသူတိတ်ဆိတ်နေကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်ကနိုင်ငံတော်အာဏာ သိမ်းယူခဲ့သည့်အ‌ပေါ် ပြည်သူတရပ်လုံးကခုခံတော်လှန်ခြင်း သုံးနှစ်ပြည့်လှုပ်ရှားမှုအဖြစ် ယနေ့တွင် အပြင်မထွက်အသံတိတ်သပိတ်(Silent Strike)ပြုလုပ်နေကြခြင်းဖြစ်သည်။

အပြင်မထွက်အသံတိတ်သပိတ်ကို ယနေ့ ဖေဖော်ဝါရီ ၁ ရက် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်မည်ဖြစ်ပြီး ပြည်သူများအနေဖြင့် အပြင်မထွက်ကြဘဲ ကိုယ့်အိမ်၊ ကိုယ့်ရုံး၊ ကိုယ့်အမိုးအကာအောက်၌နေ၍ Silent Strike ကို ဖော်ဆောင်ဆင်နွှဲကြပေးရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းနှိုးဆော်ထားသည်။

စာတည်း – အေးချမ်း