မြန်မာနိုင်ငံသားများ ကျောက်ကပ်ရောင်းစားမှုနှင့် ဆက်စပ်ပြီး အိန္ဒိယ Apollo ဆေးရုံကို စုံစမ်းစစ်ဆေးမည်

Photo-AFP

The Straits Times – ကိုယ်အင်္ဂါ အစားထိုးခြင်းများအတွက် မြန်မာနိုင်ငံသားများက ၎င်းတို့၏ ကျောက်ကပ်ကို တရားမဝင် ရောင်းချနေသည်နှင့် ချိတ်ဆက်ပတ်သက်နေသည်ဟု Apollo Hospital Delhi ဆေးရုံကို မီဒီယာသတင်းများက ဖော်ပြလာသည့်နောက် အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနသည် ယင်းဆေးရုံကို စုံစမ်းစစ်ဆေးရန် အမိန့်ထုတ်လိုက်သည်။

အိန္ဒိယ၏ အကြီးဆုံး ပုဂ္ဂလိကဆေးရုံလုပ်ငန်းစုဖြစ်သော Apollo Hospitals ၏ တစိတ်တဒေသဖြစ်သည့် Apollo Hospital Delhi ဆေးရုံ၏ ကျောက်ကပ်ရောင်းချမှုများနှင့် ဆက်စပ်နေသည်ဆိုသော သတင်းကို “စုံစမ်းစစ်ဆေးရန်၊ သင့်တော်သလို အရေးယူရန်နှင့် တပတ်အတွင်း အရေးယူဆောင်ရွက်ထားမှုကို တင်ပြရန်” ဒေလီကျန်းမာရေးအတွင်းဝန် အက်စ်ဘီ ဒီပတ်ကူးမားအား ကျန်းမာရေးဝန်ကြီးဌာန လက်အောက် အမျိုးသား ကိုယ်အင်္ဂါနှင့် တစ်သျှူး အစားထိုးမှုဆိုင်ရာ အဖွဲ့အစည်းက တာဝန်ပေးထားသည်ဟု ရိုက်တာမှ မြင်တွေ့ရသည့် စာအရ သိရသည်။

ယခု အမှုကိစ္စအား စုံစမ်းစစ်ဆေးရန်နှင့် အလှူရှင်များနှင့် လူနာများ၏ အသေးစိတ်အချက်အလက်များကို ဆေးရုံမှ ရှာဖွေရန် ကော်မတီတရပ်အား ဖွဲ့စည်းထားသည်ဟု ဒေါက်တာ ကူးမားက ပြည်တွင်းမီဒီယာများသို့ ပြောသည်။ ရိုက်တာအနေဖြင့် ဒေါက်တာ ကူးမားထံ ဆက်သွယ်၍ မရသေးပေ။

ထင်မြင်ချက် ပေးရန် ရိုက်တာ၏ တောင်းဆိုချက်ကို Apollo Hospitals က ချက်ချင်း မတုံ့ပြန်သေးပေ။

မြို့တော် ဒေလီဧရိယာ၌ ဆေးရုံနှစ်ရုံကို လည်ပတ်နေသော Apollo အုပ်စုနှင့် စပ်တူလုပ်ကိုင်နေသည့် Indraprastha Medical အဖွဲ့က ယခု ကိစ္စရပ်ကို ကနဦး စုံစမ်းစစ်ဆေးပြီးကြောင်းနှင့် စွပ်စွဲချက်များသည် “လုံးဝမှားယွင်းကာ အသိတရား ခေါင်းပါးပြီး အထင်အမြင်လွဲစေနိုင်ကြောင်း” ပြောဆိုသည်။

Apollo ဆေးရုံသည် မြန်မာနိုင်ငံမှ ငယ်ရွယ်သူ ရွာသူရွာသားများသည် ယင်း ဆေးရုံသို့ လာရောက်ပြီး ချမ်းသာသော မြန်မာလူနာများအတွက် ၎င်းတို့၏ ကျောက်ကပ်ကို ရောင်းချရန် ဖြားယောင်းခံကြရသည့် “ကျောက်ကပ်အတွက် ငွေကြေး” အရှုပ်တော်ပုံတွင် ငြိစွန်းပတ်သက်နေသည်ဟု ဗြိတိန် Telegraph သတင်းက စွဲဆိုဖော်ပြခဲ့သည်။

ထင်မြင်ချက်ပေးရန် ရိုက်တာ၏ တောင်းဆိုမှုကို မြန်မာစစ်အာဏာသိမ်းအုပ်စုက တုံ့ပြန်ခြင်း မရှိပေ။

(မိုးသဲ ဘာသာပြန်သည်။)