ကျောက်တော်မြို့နယ်​တွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေးသေဆုံး

ပုံအညွှန်း _ ကျောက်တော်မြို့ မျောက်တောင်ကျေးရွာမှလက်နက်ကြီးကျည်အစမှန်၍သေဆုံးနေသည့်ကလေးငယ်/ဓါတ်ပုံ- ပေးပို့

ဓါတု

(မဇ္ဈိမ) ။ ။ရခိုင်ပြည်နယ် ၊ကျောက်တော်မြို့၊ မျောက်တောင်ကျေးရွာတွင်တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်၍ အသက် သုံးနှစ်အရွယ် ကလေးငယ်တဦး သေဆုံးသွားကြောင်းဒေသခံများထံက သိရသည်။

အဆိုပါ ကျေးရွာနှင့် အနီးနားရှိကျေးရွာများသို့ ကျောက်တော်မြို့အခြေစိုက် စခက(၉)တပ်မက ယနေ့ ဇန်နဝါရီလ ၂ ရက် နေ့လယ် ၃ နာရီဝန်းကျင်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ ကလေးငယ်မှာ မောင်ဉာဏ်မင်းဟိန်းဆိုသူဖြစ်ပြီး လက်နက်ကြီး ကျည်စ ထိမှန်ဒဏ်ရာဖြင့် သေဆုံးခြင်းဖြစ်ကြောင်း ဒေသခံတဦးကမဇ္စျိမကို ပြောသည်။

“ကျောက်တော်က တင်းမတောင်ရှည် ဗျူဟာနားပဲဖြစ်တာ။ အဲ့ဒီရွာ( မျောက်တောင်)မှာတိုက်ပွဲမဖြစ်ဘူး။ ကလေးရဲ့ကျောကိုလက်နက်ကြီးစထုတ်ချင်းဖောက်မှန်တာ။
အခုအဲ့ဒီရွာပဲ အဆက်သွယ်ရတယ်။ကျန်တဲ့ရွာတွေဖုန်းလိုင်းတွေပြတ်နေလို့ ထိခိုက်စာရင်း တွေမသိရသေးဘူး”ဟု ၎င်းကပြောသည်။

ကုလားတန်မြစ်အထက်ပိုင်းတွင်တည်ရှိသော ကျောက်တော်မြို့တွင် ယမန် နေ့ ဇန်နဝါရီလ ၁ ရက် နံနက် ၉ နာရီဝန်းကျင်ကလည်း နှစ်ဖ က်ထိတွေ့ တိုက်ပွဲဖြစ်ပွားနေသည့် တင်းမကျေးရွာအနီးရှိကျေးရွာများသို့ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး ငါးလုံးထက်မနည်းကြဲချတိုက်ခိုက်ခဲ့‌ေကြာင်း သိရသည်။ ထို့ပြင် တောင်ရှည်တောင်ဗျူဟာကုန်းနှင့် ကျောက်တော်အခြေစိုက် စကခ (၉)မှလည်း လက်နက်ကြီးများ ဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်နေခဲ့ကြောင်းသိရသည်။

အဆိုပါ ဗျူဟာကုန်းသည် ဒေသခံပြည်သူများအား လူသားဒိုင်းကာအဖြစ် မတရားဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်နေခဲ့သည့် စစ်ရာဇဝတ်မှုအခြေစိုက်ရာ နေရာတခုလည်း ဖြစ်ကြောင်း AA က ယမန်နေ့ ဇန်နဝါရီလ ၁ ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။

ယမန်နေ့ ဇန်နဝါရီလ ၁ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအနီးရှိ စစ်ကောင်စီ၏ “တောင်ရှည်တောင်ဗျူဟာကုန်း” အား ရက္ခိုင့်တပ်တော် (AA) က အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ရေးတိုက်ပွဲများ ဆင်းနွှဲနေ၍ နှက်ဖက်တပ်ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေခဲ့ကြောင်းသိရသည်။

အဆိုပါဗျူဟာကုန်းအား ရက္ခိုင့်တပ်တော်(AA)မှသိမ်းပိုက်နိုင်ပြီဟုဒေသခံသတင်းအရင်းမြစ်အချို့မှအတည်ပြုပြောကြားသော်လည်း AA ၏ ယမန်နေ့ညထုန်ပြန်ချက်တွင်သိမ်းပိုက်နိုင်ကြောင်းသတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

ယင်းကျောက်တော်မြို့တွင်လက်ရှိအနေအထားအရ စစ်ကောင်စီ၏ကုန်းလမ်း၊ရေလမ်းပိတ်ဆို့မှုများကြောင့် တမြို့နှင့်တမြို့ကုန်စည်ရောင်းချမှုရပ်ဆိုင်းသွားသဖြင့်လက်ကျန် အခြေခံစားသောက်ကုန်ပစ္စည်းများပြတ်လပ်သွား၍စစ်ကောင်စီမှလျှပ်စစ်မီးဖြတ်တောက်ထားကြောင်းကျောက်တော်မြို့ဒေသခံတဦးကပြောသည်။

“စားနပ်ရိက္ခာလက်ကျန်တွေပျက်နေပြီ ရှိတဲ့ပစ္စည်းလေးတွေရောင်းချပြီး တချို့ဆိုကိုယ့်မှာရှိတဲ့ပစ္စည်းတွေနဲ့သူ့မှာရှိတဲ့ကုန်ပစ္စည်းအလဲအထပ်ပုံစံမျိူးဝယ်နေရတာတွေရှိတယ် ။ မြို့ကိုမီးမပေးတာတွေလည်းရှိတော့ အခက်အခဲအရမ်းဖြစ်တယ်”ဟု၎င်းကဆိုသည်။

အဆိုပါကျောက်တော်မြို့တင်းမကျေးရွာအနီးယနေ့ ဒီဇင်ဘာလ ၂ ရက် နံနက်ပိုင်းတွင် ခေတ္တတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှလက်နက်ကြီးများနှင့်ရမ်းသန်းပစ်ခတ်မှုများနှင့်အရပ်သားများအားဖမ်းဆီးမှုများရှိနေသဖြင့်တင်းမကျေးရွာနှင့်အနီးတဝိုက်မှဒေသခံများမှာထွက်ပြေးတိမ်းရှောင်နေရ​ကြောင်းဒေသခံများကပြောသည်။

လက်ရှိအခြေအနေအရ ကျောက်တော်မှပလက်ဝဒေသဘက်သွားသည့်လမ်းကြောင်းတလျှောက်ရှိ စစ်ကောင်စီ၏ ချင်းလက်ဝစခန်း( ပလက်ဝ)၊ မီးဝဗျူဟာကုန်း (ပလက်ဝ)နှင့် ပလက်ဝမြို့၏ အရှေ့မြောက်ဘက် မီတာ ၁၇၀၀ အကွာအဝေးရှိ စခန်း ပွိုင့် (၃၁၃) ကုန်းအပါအဝင်ကျန် ရှိ သေးသည့်စခန်းကုန်းများအား ရက္ခိုင့်တပ်တော်မှ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိကြောင်းထုတ်ပြန်ချက်အရသိရသည်။

ရခိုင်ပြည်နယ်တွင် ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သော ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၁၃ ရက်မှစ၍ ယမန်နေ့ ဇန်နဝါရီလ ၁ ရက်နေ့အထိ တိုက်ပွဲများဖြစ်ပွားနေပြီး ကျန်ရှိနေသေးသောစစ်ကောင်စီစခန်းများအား သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟုရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ထားသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး