ရန်ကုန်တွင် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် YBS ယာဉ်လိုင်းများ ပုံမှန်ပြေးဆွဲရန် အခက်အခဲရှိနေ

ဓါတု(မဇ္ဈိမ)။ ။ ရန်ကုန်မြို့ စစ်ကောင်စီလက်အောက်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ မော်တော်ယာဥ်သုံးသဘာဝဓါတ်ငွေ့( CNG )အရောင်းဆိုင်ရှိသည့်မြို့နယ်များ လျှပ်စစ်မီးပုံမှန်မရရှိခြင်းကြောင့် CNG ဓာတ်ငွေ့ဝယ်ယူရာတွင် အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေရပြီး YBS ဘက်စ်ကားယာဥ်လိုင်းများ ပုံမှန်ပြေးဆွဲရန် အခက်အခဲရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC ) တာဝန်ရှိသူ တဦးထံက သိရသည်။

CNG ဓာတ်ငွေ့ရောင်းချသည့် ဆိုင်များတွင် အသုံးပြုသည့် စက်ကိရိယာများမှာ လျှပ်စစ်ဓာတ်အားလိုအပ်ပြီး ရောင်းချသည့် ဆိုင်များတွင် မီးစက်များမရှိခြင်း၊ မီးစက်ရှိသည့် ဆိုင်များတွင် မီးစက်မောင်းနှင်ရန်လိုအပ်သည့် စက်သုံးဆီ မလုံလောက်ခြင်းတို့ ဖြစ်နေကြောင်း သိရသည်။

“CNG ကားဆိုတော့မီးလာတဲ့အပေါ်မူတည်ပြီးဆွဲရတာ မီးပျက်ရင် CNG ဆိုင်မှာတန်းစီရတဲ့အခက်အခဲတွေရှိတယ်။ အဲ့ကျရင် ကားတွေဆိုင်တွေမှာတန်းစီရတယ်”ဟုYRTC တာဝန်ရှိသူ တဦးကပြောသည်။

ယခင်က CNG ဓာတ်ငွေ့ အရောင်းဆိုင် တဆိုင်တွင် နေ့စဥ် တန်းစီသည့် ယာဥ်အရေအတွက်မှာ အစီးရေ ၁၀၀ ဝန်းကျင်သာရှိသော်လည်း ယခုရက်ပိုင်းတွင် အစီးရေ ၁၆၀ ကျော်အထိ ရှိနေကြောင်း YBS ယာဥ်မောင်းနှင်သူတဦးကပြောသည်။

“ဒီရက်ပိုင်းမီးအရမ်းပျက်တော့ မနက်ပိုင်းပေးတဲ့ တွဲဆိုင်တွေက မီးစက်မရှိဘူးလေ ။ မီးပျက်တာနဲ့ အဲ့ဆိုင်တွေက ကားတံခါးဆွဲပိတ်ပြီး မပေးတော့ဘူး။ မီးစက်ရတဲ့ဆိုင်တွေကလည်းလကားတွေပြုံပြီး တန်းစီရတယ်။ ခါတိုင်းမီးပျက်တဲ့အချိန်သိရတော့ အချိန်မှန်းပြီး ကားသမားတွေတန်းစီလို့ရတယ်။ ဘတ်စ်ကားကိုပေးတဲ့ဆိုင်တွေက မြို့ပြင်မှာများတော့ မြို့ပြင်တွေကမီးပိုပျက်တော့ပိုဆိုးတယ်။ ဒီနေ့ဆို ၁၁ နာရီက တန်းစီတာ ၂ နာရီမှ ဂတ်စ်ရတယ် အရမ်းအခက်အခဲဖြစ်တယ်”ဟု၎င်းကပြောသည်။

ရန်ကုန်မြို့တွင် အဆိုပါ CNG ဆိုင် ၄၁ ဆိုင်ရှိသည့်အနက် YBS ဘတ်စ်ကားယာဥ်လိုင်းအများစုသည် ရွှေပြည်သာ ဒညင်းကုန်း၊ လှိုင်သာယာ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း နှင့် မြောက်ဥက္ကလာပမြို့နယ်များတွင် CNG ဓာတ်ငွေ့ ဖြည့်ကြကြောင်း သိရသည်။ ယင်းမြို့နယ်များတွင် ယခင်က နံနက် ၉ နာရီမှ နေ့လယ် ၁ နာရီ ၊ နေ့လည် ၁ နာရီမှ ညနေ ၅ နာရီအထိ အလှည့်ကျမီးပေးနေသော်လည်း ယခုရက်ပိုင်းတွင် တနေ့လျှင် မီးရရှိချိန် နာရီပေါင်း လေးနာရီပင်မပြည့်ကြောင်း မြို့ခံများထံက သိရသည်။

“ဒီရက်ပိုင်း မီးက လာချင်တဲ့ အချိန်လာတယ် ။ ပျက်ချင်တဲ့အချိန် ပျက်တယ် လာတဲ့အချိန်ကနည်းတယ်။ CNG ဆိုင်မှာ ကားတန်းတွေဆို အရင်က လမ်းမတခြမ်းပဲတန်းစီတာ အခုဆို ဘေးနားကလမ်းကြားတွေအထိပါ တန်းစီနေတာတွေ့တယ်။ ကားတွေခက်ခဲတာမပြောနဲ့ ကျွန်မတို့ မီးပျက်ရင် ထမင်းချက်စားဖို့ ဂက်စ်တောင်ဝယ်ရခက်နေတယ် ။ တချို့ဆိုင်ဆို လူတွေအ ရမ်းများပြီး ဝယ်လို့ ပိသာချိန်တောင် မပြည့်ဘူး” ဟု မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူအမျိုးသမီးတဦးကဆိုသည်။

YBS ယာဥ်လိုင်း ၁၄၅ လိုင်းရှိသည့်အနက် ၁၃၂ လိုင်းမှ ယာဥ်အစီးရေ ၃,၀၀၀ နီးပါး ပုံမှန်အတိုင်းပြေးဆွဲလျက်ရှိ၍ နေ့စဥ် YBS စီးနင်းလိုက်ပါသည့် ခရီးသည်ဦးရေ ၁၄ သိန်းနီးပါးရှိကြောင်း YRTC ၏ စာရင်းများအရ သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး