စစ်အာဏာရှင် ဆန့်ကျင်‌ရေး ထိုးစစ်များ နှင့် ရင်ဆိုင်နေရပြီး တရုတ်နှင့် အဆင်မပြေမှုများ ရှိနေသော မြန်မာ စစ်အစိုးရ

South China Morning Post

မြန်မာထိပ်ပိုင်း စစ်ခေါင်းဆောင်များသည် အင်အားကြီးတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် ၂၀၂၃ ခုနှစ် ဇွန်လ အတွင်း တရုတ်နယ်စပ်အနီး၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။

သို့သော် တိုင်းရင်းသား လက်နက်ကိုင်များ က မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့ (Three Brotherhood Alliance )အဖြစ် လျို့ဝှက်စွာ ပူးပေါင်း၍ စစ်ဆင်ရေး ၁၀၂၇ ကို အောက်တိုဘာ တွင် စတင်ခဲ့ပြီး စစ်အစိုးရကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ စစ်ဆင်ရေး ၁၀၂၇ သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တွင် စစ်အစိုးရအတွက် အကြီးမားဆုံး နှင့် အထင်ရှားဆုံး ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာခဲ့သည်။

“သူတို့နဲ့တွေ့တဲ့အချိန်တည်းက စစ်ဆင်ရေးအတွက် ကျွန်တော်တို့ ပြင်ဆင်ထားပြီးသားပါ” ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ မှ ၁ ဖွဲ့ ဖြစ်သည့် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သော မြန်မာ-အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်နိုင်က ပြောသည်။

ညီနောင်မဟာမိတ်အဖွဲ့သည် ယခင်က ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့သော စစ်မြေပြင်တပ်စုစည်းမှုနှင့် စစ်ဆင်ရေး အသေးစိတ် အစီအစဉ် အပါအဝင် စစ်အစိုးရအပေါ် တရုတ်၏ စိတ်မရှည်မှု အတိုင်းအတာကို ထုတ်ဖော်ပြောဆိုခဲ့သည်။

အောက်တိုဘာ နှောင်းပိုင်းတွင် စတင်ခဲ့သည့် (အောက်တိုဘာ ၂၇) ရက်စွဲကို အမည်ပေးထားသော စစ်ဆင်ရေး ၁၀၂၇ သည် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားဦးဆောင်သော အစိုးရကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ က ဖြုတ်ချခဲ့သည့် စစ်တပ် ကို တော်လှန် နေသည့် မဟာမိတ်များနှင့် အခြား လက်နက်ကိုင် အဖွဲ့များ အပါအဝင် တစ်နိုင်ငံလုံးကို အားတက်စေသည်။

အာဏာသိမ်းပြီးနောက် စစ်အစိုးရက ဆန္ဒပြပွဲများကို ဖြိုခွဲခဲ့၍ လက်နက်ကိုင်တော်လှန်မှုများ ပေါ်ပေါက်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အချို့ နှင့် လည်း ပဋိပက္ခများ ပြန်လည်ဖြစ်ပွားခဲ့သည်။ မြန်မာစစ်တပ်သည် လွန်ခဲ့သည့် ဆယ်စုနှစ် ၆ ခုအတွင်း ဆယ်စုနှစ် ၅ ခု ကြာ နိုင်ငံကို အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်လာခဲ့ပြီး လက်အောက်ခံ စစ်သားများကလည်း ၎င်းတို့ ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် နည်းပရိယာယ်များကို ကြောက်လန့်နေကြရသည်။ စစ်အာဏာရှင်တော်လှန်ရေး ဆင်နွှဲနေသူများ ကို “အကြမ်းဖက်သမားများ” ဟု သတ်မှတ်၍ တင်းတင်းကျပ်ကျပ် အရေးယူမှုများ ပြုလုပ်မည်ဟု စစ်တပ်က ခြိမ်းခြောက်ခဲ့သည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ မှ ၂ ဖွဲ့သည် အခြားသော လက်နက်ကိုင် အဖွဲ့ ၅ ဖွဲ့နှင့် အတူ ၂၀၂၂ အစောပိုင်းတွင် တပ်မဟာ ၆၁၁ ကို အသစ် ဖွဲ့စည်းခဲ့ကြောင်း လက်နက်ကိုင်အဖွဲ့မှ အရာရှိ ၄ ဦး က Reuters သို့ ပြောကြားသည်။

စစ်ဆင်ရေး ၁၀၂၇ သည် မတူကွဲပြားသော မြန်မာနိုင်ငံ အရပ်ဒေသအသီးသီး ရှိ၊ ဘာသာစကား၊ ရိုးရာဓလေ့ နှင့် ဝတ်စားဆင်ယင်မှု ကွဲပြားခြားနားကြသော တိုင်းရင်းသားများ ၏ မကြုံစဖူး ပူးပေါင်းဆောင်ရွက်မှုကို ပြသခြင်း ဖြစ်ကြောင်း ပဋိပက္ခ ကာကွယ်ရေးနှင့် ဖြေရှင်းခြင်းဆိုင်ရာ ဝါရှင်တန်အခြေစိုက် တွေးခေါ်ပညာရှင်အဖွဲ့ ဖြစ်သော အမေရိကန် ငြိမ်းချမ်းရေးသိပ္ပံ (USIP) က ဖော်ပြသည်။

တရုတ်-မြန်မာ နယ်စပ်တွင် ရာဇဝတ်မှုများ များပြားနေခြင်းနှင့် ပတ်သက်၍ တရုတ် က စစ်အစိုးရအပေါ် စိတ်ပျက်လက်ပျက် ဖြစ်နေချိန်တွင် အဆိုပါစစ်ဆင်ရေးက အထောက်အကူ ဖြစ်ကြောင်း လေ့လာသူ ၂ ဦးက ပြောသည်။ နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် မြန်မာစစ်အစိုးရ၏ အဓိကမဟာမိတ်ဖြစ်သော တရုတ်သည် အရှေ့တောင်အာရှ တဝှမ်းတွင် ခြိမ်းခြောက်မှုဖြစ်လာသည့် နယ်စပ်တလျှောက် အွန်လိုင်းလိမ်လည်မှု စင်တာများကို မြန်မာနိုင်ငံမှ ဖယ်ရှားရန် မစွမ်းဆောင်နိုင်ခြင်းကြောင့် ဝေဖန်ခံနေရသည်။

မြန်မာနိုင်ငံ မြောက်ပိုင်းရှိ အလုပ်ရုံပေါင်း ၁၀၀ ကျော်တွင် အောက်တိုဘာအထိ တရုတ်နိုင်ငံသား ၂၀၀၀၀ ကျော် ဖမ်းဆီးခံထားရပြီး ၎င်းတို့ထဲမှ အများစုမှာ လူကုန်ကူးခံရသူများဖြစ်၍ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှု လုပ်ငန်းများ လုပ်ဆောင်ကြကြောင်း USIP က ခန့်မှန်းသည်။

အဆိုပါစင်တာများသည် တရုတ်အတွက် အဓိကကျသော ပြည်သူ့လုံခြုံရေး စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပြီး တရုတ် တာဝန်ရှိသူများက မြန်မာစစ်အစိုးရထံ စက်တင်ဘာတွင် သတိပေးခဲ့ပြီး “မြန်မာစစ်အစိုးရမှ ဖြေရှင်းပေးမည်လား။ သို့မဟုတ် မိမိတို့ ဝင်ရောက် ဖြေရှင်းရမလား” ဟု ၎င်းတို့ တွေ့ဆုံရာတွင် အသိ‌‌ပေးခဲ့ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် အလုပ်ရုံများ၌ ဖမ်းဆီးခံ ပိတ်မိနေသော ပြည်ပနိုင်ငံသား အများအပြားကို လွတ်မြောက်စေခဲ့သည်။

နယ်စပ်အနီးတွင် ဖြစ်ပွားနေသော တိုက်ပွဲများသည် ကာလကြာရှည် ဖြစ်ပွားနေသည့် ပြဿနာများမှ မြစ်ဖျားခံခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် တပ်မတော်က သောင်းကျန်းသူများကို နှိမ်နင်းရန် အဓိကထားကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာ ၂၉ မိန့်ခွန်း ၌ ပြောကြားခဲ့သည်။

စစ်အစိုးရသည် တရုတ် ၏ ကြားဝင်စေ့စပ်မှုဖြင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ (Three Brotherhood Alliance) နှင့် အဆင်ပြေချောမွေ့စွာ ဆွေးနွေးမှုများ ပြုလုပ်နေပြီဟု စစ်အစိုးရ ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၁၁ တွင် ပြောကြားလိုက်သည်။ တရုတ်က ယင်းကဲ့သို့ ဆွေးနွေးပွဲများကို ထောက်ခံကြောင်း ပြောကြားခဲ့သော်လည်း မဟာမိတ်များက “အာဏာရှင်စနစ်” ကို အမြစ်ဖြတ်တိုက်တုတ်ရန် သံဓိဌာန် ချထားကြောင်း ဒီဇင်ဘာ ၁၃ က ထုတ်ပြန်သည်။

တရုတ်သည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုဘဲ တရုတ်နိုင်ငံသားများ နှင့် ဝန်ထမ်းများကို ကာကွယ်ရန်နှင့် နယ်စပ်ဒေသ တည်ငြိမ်ရေးတွင် ပူးပေါင်းဆောင်ရွက်ကြရန် မြန်မာအစိုးရကို တိုက်တွန်းထားကြောင်း တရုတ်အကြီးတန်း သံတမန်တစ်ဦးက နိုဝင်ဘာတွင် ပြောကြားခဲ့သည်။

မြန်မာ-အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ၊ တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ ပါဝင်သော ညီနောင်မဟာမိတ် ၃ ဖွဲ့ ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များသည် တရုတ်နယ်စပ် အနီးရှိ ရှမ်းပြည် မြောက်ပိုင်း တွင် စစ်ဆင်ရေး ၁၀၂၇ ကို စတင်ခဲ့ပြီး ၁ လ အတွင်း စစ်အစိုးရ၏ ကင်းစခန်း ၁၅၀ ခန့်၊ မြို့ ၅ မြို့နှင့် နယ်စပ်ဂိတ် ၄ ခုကို တိုက်ခိုက် သိမ်းပိုင်နိုင်ခဲ့သည်။

အဆိုပါ အချက်အလက်များ သည် ယုံကြည်ရကြောင်း လွတ်လပ်သော အကဲဖြတ်သူများက လေ့လာ သုံးသပ်ကြပြီး စစ်အစိုးရကမူ စစ်ရေးရှုံးနိမ့်မှု နှင့် ပတ်သက်သည့် တိကျသော အခြေအနေကို ထုတ်ပြန် ဖြေရှင်းခြင်း မရှိဘဲ နယ်မြေအချို့ ဆုံးရှုံးသွားခဲ့သည် ကို အသိအမှတ် ပြုကြောင်း ပြောကြားခဲ့သည်။

လက်နက်ကိုင်တပ်ဖွဲ့များထဲတွင် တိုင်းရင်းသားပေါင်းစုံပါဝင်သော တပ်မဟာ ၆၁၁ လည်း ပါဝင်သည်ဟု MNDAA မှ ဦးကျော်နိုင်က ပြောသည်။ အဆိုပါအဖွဲ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ပံ့ပိုးကူညီထားသော တပ်ဖွဲ့ဝင်များအပြင် မြန်မာနိုင်ငံတွင် အင်အားအရှိဆုံး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်သည့် (AA) မှ တိုက်ခိုက်ရေးသမားများနှင့် ဗမာပြည်လွတ်မြောက်ရေး တပ်မတော် (BPLA) တို့မှ တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း အဆိုပါအဖွဲ့များမှ တာဝန်ရှိသူများက အတည်ပြု ပြောကြားသည်။

မြန်မာ စစ်အစိုးရ နိဂုံးချုပ်ဖို့ အစပြုခြင်းလား။

လက်နက်ကိုင် မြေပြင်တပ်များသည် မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် နည်းဗျူဟာ အမျိုးမျိုးပြောင်းလဲ၍ ထိုးစစ်ဆင်မှုများကို မကြာခဏ ပြုလုပ်သွားမည် ဖြစ်ကြောင်း ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF) ခေါင်းဆောင် ခွန်ဘီဒူးက ပြောသည်။ KNDF သည် ယခု ထိုင်းနှင့် နယ်နိမိတ်ပိုင်းကို ထိန်းချုပ်ထားနိုင်ပြီး တပ်မဟာ ၆၁၁ ကိုလည်း ပံ့ပိုး ပေးထားသော အဖွဲ့ဖြစ်သည်။

“စစ်အစိုးရက ပိုမိုနီးကပ်စွာ ညှိနှိုင်းခြင်း” ဟု ဆိုခြင်းမှာ တိုင်းရင်းသားလက်နက်ကိုင်များသည် တစ်နိုင်ငံလုံးတွင် အုံကြွနေပြီး ၎င်းတို့အား ကိုင်တွယ်ရန် စစ်အစိုးရတွင် စစ်တပ်အင်အား အလုံအလောက်မရှိဟု နယ်စပ်အခြေအနေနှင့် ပတ်သက်၍ ရေးသားခဲ့သည့် အာရှဖွံ့ဖြိုးရေးဘဏ်မှ လုံခြုံရေးအကြံပေးတစ်ဦးဖြစ်သူ ဇူဂျင်းမိုင်း က မှတ်ချက်ပြုသည်။

တော်လှန်ရေးအဖွဲ့များသည် “ပြည်ပ ဒရုန်းကျွမ်းကျင်သူများ” ၏ အကူအညီဖြင့် ထိုးစစ်အတွင်း ဒရုန်း အသုံးပြု၍ ဗုံးပေါင်း ၂၅၀၀၀ ကျော် ပစ်ချခဲ့ပြီး အင်အားအလွန်အကျွံသုံးထားသောကြောင့် စစ်တပ် စစ်စခန်းအချို့ကို စွန့်လွှတ်ခဲ့ရကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့သည့်လက ပြောကြားခဲ့သည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ကမူ နိုင်ငံခြားပညာရှင်များကို အသုံးပြုခြင်းရှိ၊ မရှိ ကို မှတ်ချက်မပေးခဲ့ပေ။

စစ်အစိုးရ ဆန့်ကျင်မှု စစ်ဆင်ရေးများသည် တစ်နိုင်ငံလုံးပျံ့နှံ့သွားပြီး မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး နှင့် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ် အနီးရှိ ပြည်နယ်များတွင်လည်း တိုက်ပွဲများ အရှိန်အဟုန်ဖြင့် ဖြစ်ပွားနေသည်။ တိုက်ပွဲများတွင် အမျိုသားညီညွတ်ရေးအစိုးရ (NUG) မှ ဖွဲ့စည်းထားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အတူ ပူးပေါင်း တိုက်ပွဲဝင်ကြသည်။

NUG သည် ၎င်း၏ ကွပ်ကဲမှုအောက်တွင် PDF ယူနစ် ၃၀၀ ကျော်ကို အခွန်ကောက်ခံခြင်း၊ ငွေချေးစာချုပ်များ ရောင်းချခြင်းနှင့် အခြားနည်းလမ်းများဖြင့် ရရှိသည့် ဘဏ္ဍာငွေများဖြင့် ထောက်ပံ့ပေးထားကြောင်း ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

သံတမန် ဆက်ဆံရေး အရ အသိပေးပြီးဖြစ်သော်လည်း မြန်မာနိုင်ငံမြောက်ပိုင်းရှိ လိမ်လည်မှု စင်တာများမှာ ဆက်လက်လည်ပတ်နေသဖြင့် ယခုနှစ်တွင် တရုတ် အစိုးရအနေဖြင့် စိတ်မကျေနပ်မှုများ ဆက်တိုက်ဖြစ်လာခဲ့ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာ နှင့် တရုတ် အစိုးရ က ထုတ်ဖော်ရေးသားခဲ့သည်။ တရုတ် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနသည် အွန်လိုင်းငွေကြေးလိမ်လည်သူများ မြန်မာနိုင်ငံ၌ ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ လူမှုမီဒီယာများတွင် ပြင်းပြင်းထန်ထန် ဖော်ပြခဲ့ပြီး ကြည့်ရှုသူ သန်းပေါင်းများစွာ ရှိခဲ့သည်။

စစ်အာဏာရှင်များ၏ မဟာမိတ်အဖွဲ့များ အုပ်ချုပ်‌သော နယ်မြေများတွင် လည်ပတ်နေသော အွန်လိုင်းငွေလိမ်မှုစင်တာ အများအပြားသည် “တရုတ် ပြည်သူများ၏ ပိုင်ဆိုင်မှု၊ လုံခြုံရေး၊ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခြင်း” ဖြစ်သည်ဟု ဆင်ဟွာ သတင်းဌာနက ဖော်ပြသည်။ အရှေ့တောင်အာရှနိုင်ငံတစ်ခုတွင် လူကုန်ကူးခံရသည့် နိုင်ငံတစ်နိုင်ငံမှ စုံတွဲတစ်တွဲအကြောင်း ရိုက်ကူးထားသော တရုတ်ရုပ်ရှင် No More Bets သည် ပြည်တွင်း၌ အမေရိကန်ဒေါ်လာ သန်း ၅၃၀ နီးပါး ရရှိခဲ့သည်။

မကြာသေးမီလများအတွင်း နှစ်နိုင်ငံတွေ့ဆုံမှုများ၌ တရုတ်က အဆိုပါ ပြဿနာကို ထုတ်ဖော် ပြောကြားခဲ့ကြောင်း တရုတ်အစိုးရမီဒီယာများ မှ တာဝန်ရှိသူ များက ထုတ်ပြန်သည်။

တရုတ်သည် လက်နက်ကိုင်အဖွဲ့များ အထူးသဖြင့် တရုတ်လူမျိုးများစုများ ပါဝင်သော အဖွဲ့များ အပေါ် သြဇာလွှမ်းမိုးမှုအချို့ ရှိသော်လည်း ၎င်းတို့ကို မထိန်းချုပ်နိုင်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် စစ်ဆင်ရေး ၁၀၂၇ ကို တရုတ် ၏ တိုက်ရိုက် ညွှန်ကြားမှု အဖြစ် ဆောင်ရွက်နေခြင်း မဟုတ်ကြောင်း အမေရိကန်သံအမတ်ဟောင်း စကော့မာရှယ် က ပြောကြား သည်။ “ဒါပေမယ့် တရုတ်အစိုးရက စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး စိတ်မပူပါဘူး – အနည်းဆုံးတော့ ကနဦး တိုက်ခိုက်မှုတွေ က လိမ်လည်မှုစင်တာတွေကို ဦးတည်ပါတယ်” ဟု ၎င်း ကဆိုသည်။

တရုတ်သည် မြန်မာစစ်အစိုးရနှင့် သာမက တော်လှန်ရေး အင်အားစုများနှင့် လည်း ရင်းနှီးမှု ရှိသည် ဟု တရုတ်လုံခြုံရေးအကြံပေး ဇူ က ပြောသည်။ “သူငယ်ချင်း နှစ်ယောက် ရန်ဖြစ်ရင် တစ်ဖက်ကို မကူညီဖို့က လွဲပြီး ကျွန်တော့်မှာ ရွေးချယ်စရာ မရှိပါဘူး။ ဒါပေမယ့် တစ်ယောက်ယောက်က တရုတ်ရဲ့ အဓိက အကျိုးစီးပွားကို ထိခိုက်တယ်ဆိုရင်တော့ သူ့ရဲ့ ပြိုင်ဘက်ကို ကျွန်တော် ကူညီမယ်။” ဟု ၎င်း က ဆက်ပြောသည်။