ကိုးကန့်တပ်က ကိုယ်ပိုင်လုပ်ငန်းသုံးလေယာဉ်တွေနဲ့ ဗုံးကြဲဖို့ လေ့ကျင့်နေတယ် ဆိုတဲ့ ဖိုင်အတု

ZZ

(မဇ္ဈိမ) ။ ။ ကိုးကန့်တပ် (MNDAA) က ကိုယ်ပိုင်လုပ်ငန်းသုံး လေယာဉ်တွေဖြစ်တဲ့ Cessna 206 တွေကို လေတပ်အသွင်နဲ့ ဗုံးကြဲဖို့ လေ့ကျင့်နေတယ်ဆိုတဲ့ ရုပ်သံဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နေပါတယ်။

အသန်း (ICG) ဆိုတဲ့ချန်နယ်ကနေ ဇန်နဝါရီ ၃ ရက်နေ့က “တရုတ်Pressure ကြောင့် MNDAAက PDF uniformပြောင်းဝတ်ပီး တိုက်ကွက်ဖော်လာပါလိမ့်မယ်။ ရှမ်းမြောက်တိုက်ပွဲမှာ Private Commercial Planeတွေကို‌ လေတပ်အသွင်နဲ့ ဗုံးကြဲရန် နှင့် လေယာဉ်ပေါ်မှ စက်သေနတ်ဖြင့် ပစ်ခတ်အသုံးပြုရန် လေ့ကျင့်နေကြတယ်။ကချင် ကရင် ကယား ချင်း စစ်ကိုင်း စစ်မြေပြင်များ အထူးသတိထားရန် သတင်းလက်ဦးယူဖို လိုအပ်ပါတယ်။ ဒီလိုလေယာဉ်တွေက အပျော်စီးဖိုအတွက်ဆိုပီး UWSA စီမှာ ဘဲအစီးရေ တော်တော်များများရှိတယ်။ လေယာဉ်အမောင်းသင် Cessna 206 type Planeအမျိုးစားတွေပါ။” ဆိုတဲ့ စာသားတွေနဲ့အတူ ရုပ်သံဗီဒီယိုဖိုင် တခုကိုလဲ ဖြန့်ဝေခဲ့ပါတယ်။

ရုပ်သံဖိုင်မှာတော့ Cessna 206 လို့ ထင်ရတဲ့ လေယာဉ် တစီးစမ်းသပ်ပျံသန်းနေပြီး မြေပြင်မှာတော့ စစ်သားအချို့ကိုလဲ တွေ့ရပါတယ်။ အဲ့ဒီဖိုင်ရဲ့ အပေါ်ထောင့်မှာတော့ တရုတ်စာတွေပါဝင်နေပြီး အလယ်မှာတော့ တစ်တော့က အသုံးပြုသူ အကောင့်ကို ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။
အဲ့ဒီသတင်းကိုကြည့်ရှုသူ ၃၆,၀၀၀ ကျော်ရှိနေပြီး အခြားချန်နယ်နဲ့ ဂရု ၁၇ ခုမှာလည်း ပျံ့နှံ့နေပါတယ်။

မဇ္ဈိမ က အခုလို ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်မှာ ပါဝင်တဲ့ အချက်အလက်တွေကို အခြေခံပြီး ရှာဖွေခဲ့တဲ့အခါမှာတော့ ဒီဖိုင်ဟာ MNDAA က ဖိုင်မဟုတ်ပဲ တရုတ် ဆိုရှယ်မီဒီယာ တခုက ဖော်ပြထားတဲ့ ဖိုင်ဖြစ်နေတာကို တွေ့ရပါတယ်။

ဗီဒီယိုဖိုင်ပါ တရုတ်စာသားအတိုင်း ရှာဖွေတဲ့အခါမှာ တရုတ်နိုင်ငံထုတ် ဆိုရှယ်မီဒီယာ တခုဖြစ်တဲ့ kuaishou မှာ ပြီးခဲ့တဲ့ ၃ ရက်က အကောင့်ပိုင်ရှင် တဦးက စတင်ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့ဖြန့်ဝေမှုမှာ hashtag ‘#’ နဲ့ “#plane #lowflying #Cessna206” ဆိုတဲ့ စာ သုံးခုကိုသာရေးထားပြီး ကိုးကန့်တပ် (MNDAA) ဆိုတဲ့ စကားလုံးကိုတော့ရေးသားထားတာမတွေ့ရပါဘူး။ ရုပ်သံဖိုင်ဟာ ၂၅ စက္ကန့် ကြာမြင့်ပါတယ်။
လင့် – https://shorturl.at/fxIJT

မူရင်းဖော်ပြသူရဲ့ အကောင့်ကို လေ့လာကြည့်မယ် ဆိုရင်လည်း အလားတူ အခြားအမျိုးအစား လေယာဉ်တွေ ပျံသန်းတာတွေနဲ့ဆိုင်တဲ့ ဗီဒီယိုတွေကိုသာ ဖြန့်ဝေထားတာကိုတွေ့ရပါတယ်။ MNDAA နဲ့ သက်ဆိုင်တာ တခုမှ မတွေ့ရပါဘူး။

အဲ့ဒီကနေမှတစ်ဆင့် ‘SuMyat Sandy’ အမည်နဲ့ တစ်တော့အသုံးပြုသူက ဒီဗီဒီယိုဖိုင်ကို တစ်ဆင့် ပြန်လည်ကူးယူ ဖော်ပြထားပေမယ့် သူ့ရဲ့ဖော်ပြချက်မှာတော့ “Cessna 206 တော်တော်မိုက်တယ်” လို့သာရေးသားထားပြီး MNDAA လို့ ညွှန်းဆိုတဲ့ စကားလုံး မပါဝင်ပါဘူး။ လင့် – t.ly/MiMKP

ဒါပေမယ့် စစ်တပ်လော်ဘီချန်နယ်တွေရဲ့ ထပ်ဆင့်ပြန်လည်ဖော်ပြချက်မှာတော့ ဒီဗီဒီယိုဖိုင်ဟာ ရိုးရိုးဖိုင်မဟုတ် တော့ဘဲ MNDAA က Cessna 206 တွေကို လေတပ်အသွင် ဗုံးကြဲဖို့အတွက် လေ့ကျင့်နေကြတယ်လို့ ဆိုထားတာပါ။

ဒါကြောင့် ကိုးကန့်တပ် (MNDAA) က ကိုယ်ပိုင်လုပ်ငန်းသုံးလေယာဉ်ဖြစ်တဲ့ Cessna 206 ကို လေတပ်အသွင် ပြုလုပ်ကာ ဗုံးကြဲဖို့ လေ့ကျင့်နေတယ်ဆိုတဲ့ ရုပ်သံဖိုင်ဟာ တခြားနိုင်ငံက ရုပ်သံဖိုင် တခုကို လိုသလိုပုံဖော်ရေးသားထားတဲ့ သတင်းအမှားသာဖြစ်ပါတယ်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် ” t.ly/AjFbz ” သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း ။။ NN