မန္တလေးတွင် ၁ ရက်အတွင်း လုယက်မှု ၃ ကြိမ်ဖြစ်ပွား၊ သေဆုံးသူရှိ

ပုံအညွှန်း-ဆိုင်ကယ်လုယက်မှုဖြစ်စဉ်တွင် ဒဏ်ရာရသူအား လူမှုရေးအသင်းတစ်ခုမှ ကူညီပေးနေပုံ(ပုံဟောင်း)/(ဓာတ်ပုံ-CJ)

007

(မဇ္စျိမ) ။ ။ မန္တလေးတွင် တရက်အတွင်း လုယက်မှုသုံးကြိမ်ဖြစ်ပွားခဲ့ပြီး အမျိုးသားတဦး သေဆုံးခဲ့ကြောင်း ဒေသခံနှင့် လူမှုကူညီရေး အသင်းများထံက သိရသည်။

ဇန်နဝါရီလ ၅ရက် နံနက် ၈ နာရီခန့်တွင် အောင်မြေသာစံမြို့နယ် ၆၂ လမ်း၊ ကုသိုလ်တော်ဘုရားအနီး တွင် ဆိုင်ကယ်စီးအမျိုးသားတဦး ရိုက်နှက် ဆိုင်ကယ်အလုခံခဲ့ရပြီး၊ နေ့လယ် ၁ နာရီကျော်အချိန်တွင်လည်း အမရပူရမြို့နယ် ရှမ်းကလေးကျွန်းအနီး၊ မန္တလေး-စစ်ကိုင်းကားလမ်းပေါ်တွင် အလားတူဖြစ်စဉ်တခုဖြစ်ပွားခဲ့ကာ ယင်းနေ့ ညနေ ၅ နာရီဝန်းကျင်အချိန်တွင်လည်း ချမ်းအေးသာစံမြို့နယ်အပိုင်နယ်မြေ မန္တလေးဘူတာကြီးအနီးတွင် ဆိုင်ကယ်လုယက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ရာ လုယက်ခံရသူ ဓားထိုးခံရ၍ သေဆုံးသွားခြင်းဖြစ်သည်။

“ရှမ်းကလေးကျွန်းနားဖြစ်တော့၊ သတင်းအရ၊ ကျွန်တော်တို့လူနာသွားကောက်(လူနာသယ်ယူပြီးဆေးရုံ ပို့ဆောင်ခြင်း)တယ်၊ လူနာက နည်းနည်းပါးပါးပွန်းပဲ့တာမျိုးပဲရှိတယ်။ ဆိုင်ကယ်တော့ပါသွားတယ်၊ ကုသိုလ် တော်ဘုရားနားဖြစ်တာကျတော့ ညီနောင်အသင်းတခုက သွားကူညီတာပါ။ အဲဒီမှာလည်း လူနာ(လုယက်ခံရသူ)က ဆိုင်ကယ်လဲကျတဲ့ဒဏ်ရာလောက်ပါပဲ။ ဆိုင်ကယ်တော့ပါသွားတာပေ့ါ။ အခုနောက်ပိုင်းလုယက်သူတွေက ထစ်ကနဲဆို ဓားနဲ့အရင်ခုတ်တာဆိုတော့ သတိထားကြဖို့ပြောချင်ပါတယ်” ဟု အမည်မဖော်လိုသူ လူမှုရေးအသင်းတခုမှ သတင်းရင်းမြစ်က ပြောသည်။

ဓားဖြင့်ထိုးသတ်ခံရသူသည်၊ စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှ၊ မန္တလေးမြို့သို့ စစ်ဘေးရှောင်ရင်းအလုပ်လာလုပ်နေသည့် အသက်သုံးဆယ်ဝန်းကျင်အရွယ်ကိုချစ်ဦးဆိုသူဖြစ်ကြောင်း သိရသည်။

၎င်းသည် အခင်းဖြစ်ချိန်က၊ တဦးတည်းဆိုင်ကယ်စီးလာစဉ် မန္တလေးဘူတာကြီးအနီးအရောက် အနောက်မှ ဆိုင်ကယ်တစီးဖြင့် လိုက်လာသူနှစ်ဦးက ၎င်း၏ဆိုင်ကယ်အား လုယူသဖြင့် ပြန်ခုခံရာမှ ဓားဖြင့် နှစ်ချက် ထိုးခံလိုက်ရခြင်းဖြစ်ကြောင်း၊ ၎င်း၏သေဆုံးအလောင်းအား မန္တလေးဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယမန်နေ့တွင် နာရေးကိစ္စပြုလုပ်ခဲ့ကြောင်း ၎င်းနှင့်နီးစပ်သည့်အသိုက်အဝန်းနှင့် မြို့ခံလူမှုရေးအသင်းများထံက သိရသည်။

“လူသေမှုခင်းဖြစ်တာက ညနေပိုင်းမှာဖြစ်တာ၊ အသတ်ခံရသူက ကသာဘက်ကနေ စစ်ဘေးရှောင်ပြီး ဒီ(မန္တလေး)မှာ အလုပ်လာလုပ်နေတာလို့သိရတယ်။ ဆိုင်ကယ်လုရာကနေ ဓားနဲ့ပါထိုးသတ်သွားတာ။ ကျွန်တော်တို့ညီနောင်အသင်းတခုက နာရေးကားနဲ့ရင်ခွဲရုံပို့လိုက်တယ်” ဟု လုံခြုံရေးအရအမည်မဖော်ပြလို သည့် လူမှုရေးအသင်းတစ်ခုမှသတင်းရင်းမြစ်က ပြောသည်။

မန္တလေးမြို့တွင်၊ ပြီးခဲ့သည့်ဒီဇင်ဘာလအတွင်းကလည်း ဆိုင်ကယ်လုယက်မှု ၁၀ကြိမ်ထက်မနည်းဖြစ်ခဲ့ဖူးကြောင်း လူမှုရေးအသင်းများက ထုတ်ပြန်သည့် မှတ်တမ်းများအရ သိရသည်။

အာဏာသိမ်းပြီးနောက် မန္တလေးမြို့တွင် ခိုးမှု ၊လုယက်မှု နှင့် ဓားပြတိုက်မှု ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူများအား ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသလောက်နည်းပါးကြောင်း ဒေသခံများကပြောသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး