ဖယ်ခုံတွင်တိုက်ပွဲပြင်းထန်၊ရဲစခန်းနှင့်ထွေအုပ်ရုံး မီးလောင်

Photo – ဖယ်ခုံ PDF တပ်ဖွဲ့ဝင်အချို့အား ၂၀၂၂ ခုနှစ်အတွင်းက တွေ့ရစဥ် / ( PDF – Pekhon)

001

(မဇ္စျိမ) ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များအကြား ယမန်နေ့ ဇန်နဝါရီလ ၇ ရက်နေ့ညမှစ၍ ယနေ့ ညနေအထိ တိုက်ပွဲဖြစ်နေပြီး မြို့ပေါ်ရဲစခန်းနှင့် ထွေအုပ်ရုံးလည်း မီးလောင်ပျက်စီးခဲ့ကြောင်း ဖယ်ခုံ PDF (1002)တပ်ရင်းပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောသည်။

” မြို့ပေါ်ရဲစခန်းပေါ့​နော်။ ဖယ်ခုံထွေအုပ်ထိုင်တဲ့ ထွေအုပ်ရုံးလည်း လောင်သွားတာပေါ့။ ဒါကျွန်တော်တို့နဲ့ မဟာမိတ်တပ်ပေါင်းစုတွေက ဝင်ပြီးတော့မှရှင်းလင်းတာပေါ့နော်” ဟု ဖယ်ခုံPDF(1002) တပ်ရင်းပြန်ကြားရေးတာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

တိုက်ပွဲသည် ယမန်‌နေ့ ညသန်းခေါင်အချိန်မှ စတင်
ခဲ့ပြီး ယ​​နေ့ ဇန်နဝါရီ ၈ရက် ညနေအထိ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။ စစ်ကောင်စီတပ်က နံနက်ပိုင်းမှစတင်ကာ လေကြောင်းမှတိုက်ခိုက်မှု ပြုလုပ်နေကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။

ယ​​နေ့နံနက်အ​စောပိုင်းတိုက်ပွဲအတွင်း စစ်​ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများပြီး ​တော်လှန်​ရေးပူး​ပေါင်းအဖွဲ့များဘက်တွင်လည်း ထိခိုက်မှုရှိ​ကြောင်း ဖယ်ခုံPDF(1002)က ဆိုသည်။

နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေနှင့် မြို့တွင်း မီး​လောင်ဆုံးရှုံးမှုအ​ခြေအ​နေအ​သေးစိတ်ကို မဇ္စျိမအ​နေဖြင့် ဆက်လက်စုံစမ်း​နေဆဲဖြစ်သည်။ ဖယ်ခုံမြို့လတ်တလောအခြေအနေနှင့်ပတ်သက်၍ စစ်ကောင်စီကသတင်းထုတ်ပြန်ထားသည်ကို မတွေ့ရှိရသေးပေ။

“မနေ့ညတိုက်ပွဲကတော့ အရပ်သားထိခိုက်မှုတော့မရှိဘူး။ အခုချိန်ထိလည်း အရပ်သားထိခိုက်မှု သတင်းအကြောင်းကြားတာတော့ ဘာမှမရသေးဘူး။ အခုက စစ်မြေပြင်မှာ ဖြစ်နေတဲ့အခါကျတော့ ကျွန်တော်တို့လည်း အတိအကျပြောလို့မရသေးတာတခုပေါ့နော်”ဟု ဖယ်ခုံPDF(1002)တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

မြို့ခံအများစုသည်ယနေ့ နံနက်ပိုင်းမှစပြီး စစ်ဘေးရှောင်လျက်ရှိကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းကုန်းများဖြစ်သည့် ရွှေပြည်အေးနှင့်လွယ်ပတာစခန်းကုန်းများကို ပူးပေါင်းမဟာမိတ်တော်လှန်ရေးအင်အားစုများက ပြီးခဲ့သည့်ဒီဇင်ဘာလ ၂၃၊ ၂၄ နှင့် ၂၅ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ဖယ်ခုံPDFက ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ထို့ပြင် ဖယ်ခုံမြို့ အဝင်အထွက်ကိုလည်း ပူးပေါင်းမဟာမိတ်အင်အားစုများကထိန်းချုပ်ထားသည်။ လတ်တလော အခြေအ‌နေများအရ ပြည်သူများအနေဖြင့် ဖယ်ခုံမြို့အတွင်း ဝင်၊ထွက်သွားလာခြင်းမပြုကြရန်လည်း တော်လှန်ရေးအင်အားစုများကမေတ္တာရပ်ခံထားသည်။

စာတည်း – အေးချမ်း