ကလေးဝတွင် လက်နက်နှင့်အတူ အလင်းဝင်သောစစ်ကောင်စီတပ်သားကို ကျပ်သိန်း ၁၀၀ ချီးမြှင့်

ပုံအညွှန်း။ ။ ကလေးဝ PDF ထံသို့ အလင်းဝင်လာသော စစ်ကောင်စီတပ်သားများ/ဓာတ်ပုံ။ ။ ကလေးဝ PDF

ကိုခင်မောင်


(မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ ဆင်အိုင်မကျေးရွာရှိ ပျူစောထီးစခန်းမှ လက်နက်နှင့်အတူ အလင်းဝင်လာသော စစ်ကောင်စီတပ်သားအား ကျပ်သိန်း ၁၀၀ ချီးမြှင့်ခဲ့သည်ဟု ကလေးခရိုင် အမှတ်(၉) တပ်ရင်း (Kalewa PDF) ထံမှ သိရသည်။


ဇန်နဝါရီလ ၇ ရက်နေ့က ကလေးဝ PDF ထံ အလင်းဝင်လာသော အသက် ၂၀ ဝန်းကျင်အရွယ် စစ်ကောင်စီတပ်သားသည် MA2 တလက်၊ ကျည် ၄၉၀ တောင့်၊ ကျည်ဘောက်ရှစ်ခု၊ လက်ပစ်ဗုံးတလုံး၊ နင်းမိုင်းနှစ်လုံး၊ စကားပြောစက်တခုနှင့် အီကွေးမင့်တခုတို့ကို ယူဆောင်လကာ အလင်းဝင်လာခြင်းဖြစ် ကြောင်း Kalewa PDF မှ တာဝန်ရှိသူက မဇ္စျိမအားပြောသည်။


“ကျနော်တို့ ကောင်းကောင်းမွန်မွန် ကျွေးစောင့်ရှောက်ပါတယ်။ နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ သူ့ အသက်က ငယ်ပါသေးတယ်။ အဓမ္မစစ်သားစုဆောင်းခံရသူတွေထဲက တယောက်ပါ။ ကျနော်တို့ စစ်ကျင့် ဝတ်အတိုင်း လိုက်နာဆောင်ရွက် ထိန်းသိမ်းထားပါတယ်”ဟု ကလေးခရိုင် အမှတ်(၉)တပ်ရင်း (Kalewa PDF) က ဆိုသည်။


အလင်းဝင်လာသော စစ်ကောင်စီတပ်သား၏ အမည်နှင့် ကိုယ်ရေးအချက်အလက်များ၊ တပ်ရင်းနံပါတ် များအား လုံခြုံရေးအရ ထုတ်ဖော်ပြောကြားရန် အဆင်မပြေသေးကြောင်း ကလေးဝ PDF တာဝန်ရှိသူက ပြောသည်။


ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း ကလေးဝမြို့နယ်၊ အောင်ချမ်းသာကျေးရွာ နယ်မြေရဲစခန်းမှ စစ်ကောင်စီတပ်သားတဦး အလင်းဝင်လာပြီး ကျပ် ၃၅ သိန်း ချီးမြှင့်ထောက်ပံ့ပေးခဲ့ ကြောင်း ကလေးဝ PDF တာဝန်ရှိသူက ဆက်လက်ပြောသည်။


အောင်ချမ်းသာကျေးရွာ နယ်မြေရဲစခန်းမှ အလင်းဝင်လာသောစစ်ကောင်စီတပ်သားသည် MG 2 လက် ပစ်ဗုံးသုံးလုံး ယူဆောင်ကာအလင်းဝင်လာ၍ ဆုငွေချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။


ကလေးဝမြို့နယ်၊ ဆင်အိုင်မကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်နှင့် ပျူစောထီးအင်းအား ၅၀ ခန့် အခြေချတပ်စွဲနေဆဲဖြစ်ကြောင်း ကလေးခရိုင် အမှတ် (၉) တပ်ရင်း (Kalewa PDF)ထံမှ သိရသည်။


ကလေးခရိုင် အမှတ်(၉)တပ်ရင်း (Kalewa PDF)အနေဖြင့် စစ်ကောင်စီတပ်သားများအား အလင်းဝင်ကာ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်တိုက်တွန်းထားပြီး လက်နက်နှင့်အတူ အလင်းဝင်လာသူများအား ဆက်လက် ထောက်ပံ့ပေးရန်စီစဉ်နေကြောင်းလည်း ကလေးဝ PDF တာဝန်ရှိသူက ပြောသည်။


ကလေးခရိုင် အမှတ်(၉)တပ်ရင်း(Kalewa PDF)သည် ကလေးဝမြို့အနီး စစ်ကိုင်း-ရွှေဘို-ရေဦး-တန့် ဆည်-ကလေးဝ မဟာမြိုင်လမ်းမကြီးပေါ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က ခရီးသည်တင် ကားများ၊ ကုန်ကားကြီးများဖြင့် အောင်ချမ်းသာနယ်မြေရဲစခန်းသို့ လက်နက်ခဲယမ်းများ ပို့ဆောင်ပေးနေ သောကြောင့် အဆိုပါလမ်းပိုင်းအား စစ်ဆေးခြင်းများပြုလုပ်ခဲ့သည်။

စာတည်း။ ။စောဖေ