နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁၇ ဇွန် ၂၀၂၄)

အမျိုးသား ညီညွတ်ရေးအစိုးရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ စစ်တပ် စခန်းအားလုံးကို ထိုးစစ်ဆင်မည်ဖြစ်၍ ပြည်သူများ အားလုံး ထွက်ခွာပေးရန် AA သတိပေးထားသော်လည်း စစ်ဘေးရှောင် ပြည်သူများအတွက် ထွက်ခွာ သွားရမည့် လွတ်မြောက်နယ် မြေ စီစဉ်ပေးရန်နှင့် လမ်းညွှန်ချက်များ ပေးရန် လိုအ ပ်ကြောင်း အမျိုး သားညီညွတ်ရေးအစိုးရ- NUG လူ့အခွင့်အရေး ဒုဝန်ကြီး ဦးအောင်ကျော်မိုးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန အမှတ်စဉ် ၂ သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ပြည်သူ့ကာကွယ်‌ရေးတပ်မတော် (မန္တလေး)၏ ထိန်းချုပ်နယ်မြေ အတွင်းက စစ်ဘေးရှောင် စခန်းများကို ငွေကြေး နှင့် အစားအ‌သောက် များသွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကျန်းမာရေဝန်ကြီးဌာနက မြေပြင်၌ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်လုပ်ငန်းများကို သိရှိစေနိုင်ရန်အတွက် ဆွေးနွေးပွဲများ သင်တန်းများကို လုပ် ဆောင်နေကြောင်း သိရသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ တရော်ပင်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့၍ နေအိမ် ၃၅ လုံးမီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် ဧပြီလအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲတခု၌ သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများနှင့် PNO ပြည်သူ့စစ်များ၏ ရုပ်အလောင်း ၂၀ ကျော်ကို လာ ရောက်ကောက်ယူခြင်းမရှိသဖြင့် ပျားစစ်ကြောင်းနှင့် အလယ်ပိုင်းအထူးစစ်ဆင်ရေးအဖွဲ့တို့ ပူးပေါင်း မီးသင်္ဂြိုဟ်ပေးခဲ့ရကြောင်း သိရသည်။

လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၇၉ နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် ပြည်လုံးကျွတ် လူထုပန်းသပိတ် ဖော်ဆောင်ကြရန် အထွေထွေသပိတ်ပေါင်းစပ် ညှိနှိုင်းရေးအင်အားစုက တိုက်တွန်းလိုက်သည်။

ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်တွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ခံရသည်ဟု သံသယရှိ ဒေသခံနှစ်ဦးသေဆုံးကာ ခြောက်ဦး ဆေးကုသမှု ခံယူနေရကြောင်း မြို့နယ်ကျန်းမာရေး တာဝန်ရှိသူထံက သိရသည်။

ချက်သမ္မတနိုင်ငံ၊ ပရပ်ဂ်မြို့ တော်၊ Vila Grebovka တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်မြောက်မွေးနေ့ အခမ်းအနား ကျင်းပပြီး “LOSE AND HOPE” ရုပ်ရှင်ကို ပြသခဲ့ကြသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အေကချိုင်ဘန်းဘော76/1ဘောလုံးကွင်းတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၇၉ နှစ်ပြည့်မွေးနေ့အကြို အခမ်းအနားနှင့် ရန်ပုံငွေဘောလုံးပြိုင်ပွဲကို ပြည်ပြည်ဆိုင်ရာ ပဲခူးတိုင်းအသင်းက ကြီးမှူး၍ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ NLD-LA-Malaysia ရုံးတွင် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက် မည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၇၉ နှစ်ပြည့် မွေးနေ့အကြို အခမ်းအနား ကို ကျင်းပခဲ့ကြောင်း သိရှိရသည်။

မလေးရှားနိုင်ငံ ဂျိူဟိုးစီနိုင်း ညီညာစုရုန်း ၂၂၂၂၂ ပြည်ပထောက်ပို့အဖွဲ့ က ဦးဆောင်၍ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်မြောက်မွေးနေ့အကြို ရန်ပုံငွေ ဖူဆယ် ဘောလုံးပြိုင်ပွဲကို ဇွန်လ ၁၆ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

နေပြည်တော်တွင် မတရားအကျဉ်းကျခံနေရသည့် လူထုခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၉ နှစ်မြောက်မွေးနေ့အကြို ဆုတောင်းပွဲတွေကို ဂျပန်နိုင်ငံ၌ ဇွန် ၁၆ ရက်က ကျင်းပခဲ့သည်။

ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်နှင့် ကယ်တင်ရှင်မရှာ ဒို့ ကျေးရွာ သပိတ်တို့ ပူပေါင်းကာ စစ်အာဏာရှင်ကိုတော်လှန်သပိတ်မှောက်ခဲ့ကြကြောင်း သိရှိရသည်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသော စစ်သားများနှင့် ကင်းပုန်းစစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နှင့် နောင်ချိုမြို့နယ်တို့ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေ ရကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ပြောဆိုသည်။

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု နောင်ရင်းကျေးရွာ၌ အကြမ်းဖက် စစ်ကောင်စီနှင့် လက်အောက်ခံ PNOပြည်သူ့စစ်အဖွဲ့က ထောင်ထားသော မိုင်းနင်းမိပြီး ဒေသခံ ပြည်သူတစ်ဦး ခြေထောက်တစ်ဖက်ပြတ်ခဲ့ရကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) ကထုတ်ပြန်သည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ အကြမ်းဖက် စစ်တပ်၏ လက်ကျန် စခန်းအားလုံးကို ထိုးစစ်ဆင် တိုက်ခိုက်မည်ဖြစ်၍ မြို့ပေါ်နေ ပြည်သူ အားလုံး ချက်ချင်း ထွက်ခွာပေးရန် အာရက္ခတပ်တော် AA က သတိပေး ထုတ်ပြန်လိုက်သည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနား – ကန်ပိုင်တည် တရုတ်နယ်စပ်လမ်းကို ယနေ့ (ဇွန်လ ၁၇ ရက်) မှာ KIA က ပြန်လည်ဖွင့်ပေးလိုက်ပြီဖြစ်ကြေင်း ကန်ပိုင်တည်ဘက်ကို ကုန်ကူးနေကြသည့် ကုန်သည်ယာဥ်လိုင်းများက ဆိုသည်။

စစ်ကောင်စီ

ရန်ကုန်ကုန်တိုင်းဒေသကြီးအတွင်း မှော်ဘီဆေးရုံ၌ ဆေးကုသဆောင်အသစ်နှင့် ရန်ကုန်တိုင်း ဒေသကြီး ကာကွယ်ဆေးသိုလှောင်အအေးခန်း အဆောက်အဦအသစ်များဖွင့်လှစ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနမှသိရသည်။

တံတားဖွင့်ပွဲသို့ လာသည့် အာဏာသိမ်း စစ်ခေါင်းဆောင်ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ရန် ကြံစည်သည့် စွပ်စွဲချက်ဖြင့် လူငယ် လေးဦး ကို စစ်ကောင်စီ ထပ်မံဖမ်းဆီးရာ စုစုပေါင်း အဖမ်းခံရသူ ၁၃ ဦး ရှိလာပြီဖြစ်ကြောင်း စစ်ကောင်စီထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

လာမည့် ၇၇ နှစ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်းပြတိုက် (ရန်ကုန်)၌ အထူးပြပွဲကျင်းပသွားမည် စစ်ကောင်စီ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနေ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များကို စုပေါင်း၍ ခရိုင်များအဖြစ် ပြောင်းလဲသတ်မှတ် ထားကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးအချို့၏ ပြောပြချက်ကိုကား၍ စစ်တပ်ဘက်တော်သား မီဒီယာဖြစ်သည့် ပေါ်ပြုလာသတင်းမီဒီယာတွင် ဖော်ပြထားသည်။

တပ်မတော်သားများအနေဖြင့် မိမိတို့၏ တာဝန်ကို မှန်မှန်ကန်ကန်ထမ်းဆောင်ပြီး ပြည်သူလူထုမှ လေးစားအားကိုးရသည့် စစ်သည်များဖြစ်အောင် နေထိုင်ကြရမည်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပြန်သည်။

နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည့် ကယားပြည်နယ်၊လွိုင်ကော်မြို့တွင် ပြန်လည်တည် ငြိမ်အေး ချမ်းလာ သောကြောင့် ဒေသအာဏာပိုင် အဖွဲ့အစည်းနှင့် လုံခြုံရေးအဖွဲ့ဝင်များက ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေကြောင်း စစ်ကောင်စီ ဝါဒဖြန့်ချိရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ဇွန် ၁၇ ရက် သုံးသပ်ချက်

စစ်ကောင်စီသည် ရန်ကုန်မြို့တွင် မူလရှိသည့် ခရိုင်များကို ဖျက်သိမ်းပြီး နီးစပ်ရာမြို့နယ်များကို ပူးပေါင်းကာ ခရိုင်များအဖြစ် ပြောင်းလဲသတ်မှတ်လိုက်သည်ကို ကြည့်ခြင်းအားဖြင့် အုပ်ချုပ်ရေး လုံခြုံရေးတို့တွင် အင်အား လျော့နည်းလာ၍ ယင်းသို့ ဆောင်ရွက်ခြင်းဖြစ်နိုင်သည်ဟု ဆိုရမည်ဖြစ်သည်။