ချင်းပြည်နယ်က စစ်ကောင်စီတပ်ဖွဲ့ ဝင် ၃ ဦး လက်နက်နှင့် အလင်းဝင်

အလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ၎င်းတို့သယ်ဆောင်လာသည့် လက်နက်များ

MTO

(မဇ္ဈိမ)။ ။ချင်းပြည်နယ်တွင် တာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး လက်နက်ခဲယမ်းများနှင့် အတူ ၎င်းတို့ထံ အလင်းဝင်လာကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ဇန်နဝါရီလ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာသည်။

အလင်းဝင်ရောက်လာသည့် တပ်ဖွဲ့ဝင်များသည် ယခင်ကပုလဲ(ပအဖ) ထံ အလင်းဝင်လာသည့် တပ်သားနှင့် ချိတ်ဆက်၍ အလင်းဝင်လာခြင်းဖြစ်ကြောင်း ပုလဲ (ပအဖ) တာဝန်ခံ ကိုဇော် ထက် က ပြောသည်။

“ အရင်က CDM လုပ်ထားတဲ့ ရဲဘော်တွေနဲ့ သူတို့ အချင်းချင်းချိတ်ဆက်တာ ကျတော်တို့က သူတို့ ထွက်လာဖို့ ကူညီပေးတာ လမ်းခရီးလုံခြုံရေးကတော့ အဲ့ဒေသက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို အကူအညီတောင်းပြီး ခေါ်လာရတာ” ဟုပြောသည်။

အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များ၏ စားဝတ်နေရေးကိစ္စများကို တာဝန်ယူ ပေးသွားမှာဖြစ်ပြီး တော်လှန်ရေးတာဝန်များထမ်းဆောင်ချင်ပါက လည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကိုဇော်ထက် က ဆိုသည်။

“ ကျတော်တို့ဆီကို အလင်းဝင်လာတာ ရှစ် ယောက်လောက်ရှိပြီ ။ ကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့သူရှိတယ်။ တချို့ကလည်း NUG က ဖွင့်တဲ့ ကျောင်းတွေမှာ စာသင်ပေးနေတဲ့သူတွေလည်းရှိတယ် ။တော်လှန်ရေး အတွက် တိုက်ခိုက်ရေး အပိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့သူတွေလည်းရှိတယ် သူတို့ စိတ်ဆန္ဒရှိတ အတိုင်း လုပ်ဆောင်ခွင့်ပေးထားပါတယ်” ဟုပြောသည်။

အလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းတို့ နှင့်အတူ MA1 သေနတ် တလတ်၊ MA3 သေနတ် တလတ်၊ လက်ပစ်ဗုံး ခြောက်လုံး၊ ကျည်ဘော် ခြောက်ခု၊ အီနာဂါ လေးဖူး၊ ၅.၅၆ ကျည်ဆန် ၄၉၀တောင့်တို့ကို သယ်ဆောင်လာပြီး ပုလဲ (ပအဖ) ထံ ပေးအပ်ခဲ့ရာ အဖွဲ့ အနေနှင့် တဦး ကျပ်သိန်း ၇၀ နှုန်းဖြင့် ကျပ် သိန်း ၂၁၀၊ ပုလဲမြို့နယ် လူသားစာနာတာဝန်ခံ မှ ၁၀၀,၀၀၀ ကျပ် ချီးမြှင့်ခဲ့ကြောင်း ပုလဲ (ပအဖ) မှ ထုတ်ပြန်ကြေညာထားသည်။

ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က အလင်းဝင်လာသည့် စစ်ကောင်စီ တပ်သားများအား ဆုငွေ ချီးမြှင့်စဉ်

စစ်ကောင်စီတပ်ဖွဲ့ တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုချင်မရှိတော့သည့် အတွက် အလင်းဝင်ရောက်ရန် ဆက်သွယ်လာတဲ့သူများလည်း ရှိနေပြီး ပုလဲ (ပအဖ) အနေဖြင့်လည်း လက်ခံကူညီပေးသွားမည် ဖြစ်ကြောင်း ပုလဲ (ပအဖ) ထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး