ရေကြည်မြို့နယ်တွင် CDM ကျောင်းဆရာအပါအဝင် အမျိုးသား ၅ ဦး ထောင်ဒဏ် ၄ နှစ်စီချမှတ်ခံရ

ရေကြည်မြို့နယ်အတွင်း ဆန္ဒပြသပိတ်များအားကောင်းခဲ့စဥ်

မင်းထက်

(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်တွင် CDM ကျောင်းဆရာတဦးအပါအဝင် အမျိုးသား ငါးဦးကို ဇန်နဝါရီလ တတိယပတ်အတွင်းက ထောင်ဒဏ် လေးနှစ်စီချမှတ်ခံခဲ့ရကြောင်း ဒေသခံနိုင်ငံရေးတက်ကြွလှုပ်ရှားသူများထံမှသိရသည်။

ထောင်ဒဏ်ချမှတ်ခံရသူများမှာ ရေကြည်မြို့နယ်မှ ဦးဇေထက်ပိုင်(ခ)ပိုင်လေး၊ ဦးထွန်းဝင်း၊ ဦးကျော်လင်းစိုး(ခ) ကျော်လင်း၊ CDM ကျောင်းဆရာ ဦးနေလင်းထွန်းနှင့် ဦးစိုးမင်းထွန်းတို့ဖြစ်သည်ဟု သိရသည်။

၎င်းတို့ ငါးဦးအား PDF များနှင့် ဆက်သွယ်သည်ဟုဆိုကာ ကျုံပျော်ခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က) ဖြင့် ထောင်ဒဏ် လေးနှစ်စီချမှတ်ခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူကပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျုံပျော်မြို့နယ်အား ကျုံပျော်ခရိုင်ဟု စစ်ကောင်စီကပြောင်းလဲသတ်မှတ်ခဲ့သည်ဟု သိရသည်။

“CDM ကျောင်းဆရာနဲ့ NLD ပါတီဝင်နှစ်ဦးအပါ စုစုပေါင်းပြည်သူ ငါးဦးကို ထောင်ဒဏ် လေးနှစ်စီချတယ်။ သူတို့ကိုဖမ်းဆီးထားတာ လေးလရှိပြီ။ သူတို့ရဲ့နေအိမ်တွေကိုလည်း ချိပ်ပိတ်ထားတယ်”ဟု ၎င်းကဆိုသည်။

ထောင်ဒဏ်ချမှတ်ခံရသူများ၏ နေအိမ်များကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် စစ်ကောင်စီက ချိပ်ပိတ်ခဲ့သည်ဟု ဒေသခံများကပြောသည်။

လက်ရှိတွင် ထောင်ဒဏ်ချမှတ်ခံရသူ ငါးဦးအား မည်သည့်အကျဥ်းထောင်သို့ ပို့ဆောင်လိုက်သည်ကို အတိအကျမသိရသေးကြောင်း ဒေသခံများကဆိုသည်။

ရေကြည်မြို့နယ်သည် စစ်ကောင်စီခန့် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၏ ဇာတိကနယ်မြေဖြစ်သည့်အတွက် ဒေသခံပြည်သူများအား မတရားဖမ်းဆီးမှုများ မကြာခဏပြုလုပ်လေ့ရှိသည်ဟု ဒေသခံများကပြောသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ဇန်နဝါရီလ ၁၉ ရက်နေ့အထိ ထုတ်ပြန်သည့်စာရင်းများအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရသူ ၁၉,၉၅၂ ဦးရှိပြီဟု သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)