မီဇိုရမ်တွင် စစ်ကောင်စီတပ်သားများ လာခေါ်သည့် မြန်မာစစ်လေယာဥ် ပြေးလမ်းချော်

ဓာတ်ပုံ- Khonumthung

ပါခွီး

(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စခန်းစွန့်ခွာကာ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးခဲ့သော စစ်ကောင်စီတပ်ဖွဲ့များကို ပြန်လည်ခေါ်ဆောင်ရန်လာသည့် မြန်မာ စစ်လေယာဥ် သည် ယနေ့ (ဇန်နဝါရီလ ၂၃ရက်) နံနက် ၁၀နာရီ ၁၉မိနစ်တွင် တွင် ပြေးလမ်းချော်တိမ်းမှောက်ခဲ့ကြောင်းသိရသည်။

“အဆင်းမှာ လမ်းချော်ပြီးမှောက်သွားတာ ၊ အခု အခြားလေယာဥ်ခရီးစဥ်တွေလည်း ဖျက်သိမ်းထားတယ်” ဟု လေဆိပ်ရှိ ခရီးသွားတဦးက မဇ္စျိမကိုပြောသည်။

လေယာဥ်အဆင်းပြေးလမ်းတွင် လမ်းချော်တိမ်းမှောက်သွားခြင်းဖြစ်ပြီး နှစ်ဦးဒဏ်ရာ အပြင်းထန်ပြီး ကျန်သူအချို့ မပြင်းထန်သောဒဏ်ရာရရှိထား ကြောင်း ကနဦးသတင်းများအရသိရသည်။

ရက္ခိုင့်တပ်တော် (AA) နှင့်ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်း ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၆ဦး မီဇိုရမ်ပြည်နယ် ၊လောင်လိုင်ခရိုင် ၊ဗန်သုဘန်ကား ကျေးရွာတွင် ဇန်နဝါရီလ ၁၇ရက်နေ့က ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ထိုမှတဆင့် အိုက်ဇောလ်မြို့ရှိ အာသံရိုင်ဖယ်ဌာနချုပ်သို့ ဇန်နဝါရီလ ၂၁ရက်နေ့ တွင် ရောက်ရှိခဲ့ပြီး ဇန်နဝါရီလ ၂၂ရက် ယမန်နေ့တွင် ၁၈၄ဦးက မြန်မာစစ်တပ်လေယာဥ် ဖြင့် လဲန်းပွီလေဆိပ်သို့ လာရောက်ခေါ်ဆောင်ပြီး စစ်တွေမြို့သို့ပို့ဆောင်ခဲ့ကြောင်း All India Radio News က ထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီလ ၂၃ရက် ယနေ့တွင် ဒုတိယအသုတ်အနေဖြင့် လက်ကျန်၉၂ဦးကို လာရောက်ခေါ်ဆောင်စဥ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယခုအကြိမ်ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၂၇၆ဦးတွင် အရာရှိ ၃၆ဦး နှင့် တပ်သား ၂၄၀ပါဝင်ကာ ၁၁ဦးမှာ ဒဏ်ရာရရှိထားကြောင်း ဒေသခံသတင်းများတွင် ဖော်ပြထားသည်။