ဘီးလင်း ဝင်းတာပန်စခန်းတွင် တိုက်ပွဲဆက်လက်ဖြစ်ပွား ၂ ဖက်အထိအခိုက်ရှိ

ပုံအညွှန်း- သိမ်းဆည်းရမိခဲ့သည့် စစ်ကောင်စီ​၏ ခဲယမ်း၊ ရိက္ခာခြောက်အချို့အား တွေ့ရစဉ် (ဓါတ်ပုံ- KNU)

YT

(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာရှိ ဝင်းတာပန်စစ်ကောင်စီစခန်းအား တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် အထိအခိုက်ရှိကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက်နေ့၊ နံနက် ၇ နာရီဝန်းကျင်တွင် ဝင်းတာပန်စခန်းအား တပ်မဟာ (၁) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့များက စခန်းသိမ်းတိုက်ပွဲဆင်နွှဲရန် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် တနာရီကျော် ကြာမြင့်ခဲ့ကြောင်း သိရသည်။

” အကြာကြီးပဲ တနာရီကျော်မယ်ထင်တယ်။ လက်နက်ကြိီးသံတွေ သေနတ်သံတွေ ကျွက်ကျွက်ညံနေတာပဲ။ လေယာဉ်လည်း လာတယ်။ အစ်မတို့ကတော့ ရွာထဲ မနေဘူး၊ တောင်ယာထဲပဲ သွားနေတာ တပတ်လောက်ရှိပြီလေ။ ရွာထဲ ကျန်နေတဲ့သူတွေပြောတာတော့ သေတာတွေ ရှိတယ်တဲ့။ စစ်တပ်ဘက်ကရော ကရင်ဘက်ကရော” ဟု ဒေသခံအမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်တွင် ထိခိုက်ဒဏ်ရာရ သေဆုံးသူရှိသော်လည်း အရေအတွက်အား အသေးစိတ်အတည်ပြုနေဆဲဖြစ်ပြီး KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဘက်တွင် ရဲဘော်နှစ်ဦး ကျဆုံး၍ ရှစ်ဦး ဒဏ်ရာရခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်​၏ ပြောကြားချက်အရ သိရသည်။

ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့တွင်မူ ဝင်းတာပန်စခန်းအနီးတဝိုက်၌ တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေဆဲဖြစ်ကြောင်း သိရသည်။

” ဒီဘက်ကလည်း ပိတ်ထားဆဲပဲ၊ စကစဘက်ကလည်း စခန်းထဲကနေ အသေအချာ ခံစစ်ပြင်ထားဆဲပေါ့။ အချိန်မရွေး ထပ်ဖြစ်လာနိုင်တယ်” ဟု မြေပြင်သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

အမှတ်(၈)စစ်ဆင်ရေး ကွပ်ကဲမှူးဌာနချုပ်( စကခ-၈) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ (၄၁၀) မှ စစ်ကောင်စီတပ်သားများ အထိုင်ချနေသည့် ဝင်းတာပန်စခန်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအစောပိုင်းမှစတင်၍ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်မှုများ နေ့စဉ် ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲဖြစ်စဉ်များအတွင်း လေကြောင်းမှတဆင့် ဝင်းတာပန်စခန်းသို့ ပို့လာသော ရိက္ခာများ၊ ခဲယမ်း ၁၂ ထုပ်အနက် ငါးထုပ်ကို တော်လှန်ရေးအင်အားစုများဘက်က သိမ်းဆည်းရယူနိုင်ခဲ့ကြောင်း KNU ဗဟို​က ဇန်နဝါရီလ ၁၆ ရက်နေ့က ထုတ်ပြန်သည်။

စာတည်း – သန့်ဇော်(သန်လျင်)