ဒုရဲချုပ်( ၁) ရဲဗိုလ်ချုပ် အောင်အောင်ကို အရပ်ဘက်ဌာနသို့ ပို့ဆောင်

၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းက အခမ်းအနားတခုတွင် တွေရသည့် ရဲဗိုလ်ချုပ် အောင်အောင်

001

(မဇ္ဈိမ)။ ။ စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယရဲချုပ် ( ၁ ) ၊ ရဲဗိုလ်ချုပ်အောင်အောင်အား အရပ်ဘက်ဌာနသို့ ပြောင်းရွှေ့ပို့ဆောင်လိုက်ကြောင်း မတ်လ ၂၉ ရက်နေ့ထုတ် စစ်ကောင်စီဝါဒဖြန့် ကြေးမုံသတင်းစာအရ သိရသည်။

ရဲဗိုလ်ချုပ်အောင်အောင်အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့် နေ့မှစ၍ အစမ်းခန့်ထားလိုက်ကြောင်း ပါရှိသည်။

ရဲဗိုလ်ချုပ်အောင်အောင်အနေဖြင့် ယခင် ဒုတိယရဲချုပ် (၁ )အဖြစ်မှ ပင်စင်ယူသွားခဲ့သည့် ရဲဗိုလ်ချုပ် မျိုးဆွေဝင်းနေရာတွင် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအတွင်းက အစားထိုးခန့်အပ်ခံခဲ့ရသူဖြစ်သည်။

၎င်းသည် အလုပ်သင် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ( ၁၁) ဆင်းဖြစ်ပြီး စစ်တပ်တွင် ဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း သိရသည်။

ထို့နောက် သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်တွင် ရဲတပ်ဖွဲ့သို့ ပြောင်းရွှေ့လာခဲ့ပြီး ရဲတပ်ဖွဲ့လေ့ကျင့်ရေးအရာရှိချုပ်၊ ရဲရာထူးခန့်ချုပ် စသည့် တာဝန်များကိုလည်း ထမ်းဆောင်ခဲ့ကာ ရဲရာထူးခန့်ချုပ် ရဲမှူးချုပ်အဖြစ်မှ ဒုရဲချုပ်( ၁) ဖြစ်လာခြင်းဖြစ်သည်။

လက်ရှိတွင် လစ်လပ်သွားသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ဒုတိယရဲချုပ် (၁) နေရာတွင် မည်သူ့အား အစားထိုးခန့်အပ်ထားကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ရဲဗိုလ်ချုပ်အောင်အောင်အား ပို့ဆောင်လိုက်သည့် စားသုံးသူရေးရာဦးဌာနတွင် စစ်ကောင်စီက စစ်တပ်ဘက်မှ ပြောင်းရွှေ့တာဝန်ပေးထားသည့် စစ်ဘက်အရာရှိအချို့ကိုလည်း တာဝန်ထမ်းဆောင်နေသည်။

စာတည်း။ ။အောင်ကျော်ဖြိုး