ပလက်ဝတွင် ချင်းကာကွယ်ရေးတပ်က စစ်ကောင်စီ ဗိုလ်ကြီး အပါ ၁၅ ဦးကို ဖမ်းဆီး

ပုံအညွှန်း - ဖမ်းဆီးထားသည့် စစ်ကောင်စီတပ်သားများ ဓါတ်ပုံ - CDF - Daai

ပုံအညွှန်း – ဖမ်းဆီးထားသည့် စစ်ကောင်စီတပ်သားများ
ဓါတ်ပုံ – CDF – Daai

ပါခွီး

(မဇ္ဈိမ) ။ ။ ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ် ၊ ဒိုင်ရ်ဒေသတွင် ချင်းကာကွယ်ရေးတပ်က စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတဦး အပါအဝင် ၁၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၁ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်လက်အောက်ခံ တပ်မ ၁၁ – ခမရ (၂၁၇) ၊ ခမရ (၃၇၆) ၊ ခမရ (၅၃၈) ၊ ခမရ (၂၂၀) ၊ ခမရ (၂၁၉) ခမရ(၃၈) ၊ ခမရ (၅၈၇) နှင့် ခမရ (၉၀၈) တို့ မှ ဗိုလ်ကြီးတဦး ၊ ဒုဗိုလ်တဦး ၊ ထောက်လှမ်းရေးအရာရှိ တဦးနှင့် အကြပ်ရဲဘော် ၁၂ ဦး စုစုပေါင်း ၁၅ဦး ကို ဇန်နဝါရီလ ၃၀ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ရခိုင်ဘက်ရော ၊ ချင်းဘက်ကရောပါတယ်။ CDM လုပ်တာမဟုတ်ဘဲ စခန်းအတိုက်ခံရတာကြောင့် ထွက်ပြေးနေကြတာကို ဖမ်းဆီးရမိတာပါ ။ စစ်သုံ့ပန်းဥပဒေအရ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ချင်းကာကွယ်ရေးတပ် တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

၎င်းတို့တွင် ဒဏ်ရာရသူ ငါးဦးပါဝင်သည့်အနက် သုံးဦးမှာ ပြင်းထန်ဒဏ်ရာဖြစ်၍ ဆေးကုသပေးထားကြောင်း၊ လက်နက်များပါမလာကြောင်း ၎င်းက ဆိုသည်။

လတ်တလော ဒိုင်ရ်နယ်မြေအနီးတွင် စခန်းသိမ်းတိုက်ပွဲများရှိနေပြီး စခန်းစွန့်ခွာ ထွက်ပြေးသူများရှိနေသဖြင့် နယ်မြေရှင်းလင်းရေးများပြုလုပ်နေကြောင်း ချင်း ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ဆက်ပြောသည်။

ထို့ကြောင့် ရေကြောင်းဖြင့် သွားလာခြင်း ၊ ကုန်စည်ရောင်းဝယ်ခြင်းများကို ယနေ့မှစ၍ ဖေဖော်ဝါရီလ ၄ရက်နေ့အထိလုံးဝ မပြုလုပ်ကြပါရန် CDF – Daai က အသိပေးထားသည်။

ဇန်နဝါရီလ ၂၉ရက်နေ့က ပလက်ဝမြို့နယ် ဒိုင်ရ်ဒေသ ဟုမ်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက လေကြောင်းမှ သုံးကြိမ်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူ ခုနစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး