မြစ်ကြီးနား-ဗန်းမော်သို့ဦးတည်နေတဲ့ KIA ရဲ့ဗျူဟာမြောက်ထိုးစစ်နဲ့ ကချင်စစ်မျက်နှာအပြောင်းအလဲ

ဒိုင်းနက်ရှင်

၂၀၂၄ နှစ်ဦးပိုင်းကစပြီး ပီပြင်စွာရုပ်လုံးပေါ်လာတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ထိုးစစ်ဟာ စစ်ကောင်စီ တပ်စခန်းကြီးငယ်ပေါင်း ၉၀ ကျော်ကိုသိမ်းပိုက်ထားနိုင်ခဲ့ပြီး ကချင်မြို့ကြီးတွေကိုပါ ဝန်းရံပိတ်ဆို့လာတာတွေ့ရ ပါတယ်။

KIA ဌာနချုပ် လိုင်ဇာကိုထောက်ထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တပြိုင်တည်းတိုက်ခိုက်သိမ်းပိုက်ပြီး တရုတ်-မြန်မာနယ်စပ်မြို့ လွယ်ဂျယ်ကိုပါသိမ်းပိုက်ပြီးနောက် ကချင်စစ်မျက်နှာမှာ အလှည့်အပြောင်းတွေ အများကြီးတွေ့လာရတာဖြစ်ပါတယ်။

လိုင်ဇာကိုထောက်ထားတဲ့ စစ်ကောင်စီရဲ့အဓိကတပ်စခန်းတွေကျသွားပြီး နောက် KIA ပူးပေါင်းတပ်တွေဟာ ကချင်ဒေသမှာစစ်မျက်နှာတွေခွဲပြီး စစ်ကောင်စီတပ်စခန်းတွေနဲ့ ဌာနချုပ်တွေ ကို အမှည့်ခြွေနေခဲ့တာဖြစ်ပါတယ်။

မြစ်ကြီးနား-ဗန်းမော်ကားလမ်း၊ ဆွမ်ဘရာဘွမ်ဘက်ကလမ်းတွေ၊ လွယ်ဂျယ်-ဗန်းမော်ကားလမ်း စတဲ့လမ်းပိုင်းတွေကိုလည်း KIA ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားခဲ့တာကြောင့် စစ်ကောင် စီတပ်တွေအနေနဲ့ မြို့ကြီးတွေမှာပိတ်မိနေခဲ့ပြီး ခံစစ်အနေအထားလုံးဝရောက်နေခဲ့တာတွေ့ရပါတယ်။

အခုဆိုရင် KIA ပူးပေါင်းတပ်ဖွဲ့တွေဟာ အဓိကမြို့ကြီးတွေဖြစ်တဲ့ မြစ်ကြီးနား၊ ဗန်းမော်နဲ့ မိုးညှင်းတို့ကို ဦးတည်လာနေပြီဖြစ် ပါတယ်။

ကချင်ပြည်နယ်ရဲ့ လက်ရှိစစ်ရေးအခြေအနေမှာ KIA ပူးပေါင်းတပ်တွေက တပြိုင်နက်ထိုးစစ်ဆင်နေရာ မေ ၅ ရက်က ဆွမ်ပရာဘွမ်မြို့ ဗျူဟာစခန်းကုန်းကြီးကိုသိမ်းနိုင်ခဲ့ပြီး မြစ်ကြီးနား-ပူတာအိုလမ်းကို ထိန်းချုပ်ထားလိုက်နိုင်သလို မေ ၆ ရက်ကလည်း မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်း မလိယန်အရှေ့ဘက်ခြမ်းက ဂီဒုန်တပ်စခန်းနဲ့ ဆမားဒေသက တပ်စခန်းတွေအားလုံးကို KIA က သိမ်းပိုက်ခဲ့ပြီး ဝိုင်းမော်၊ ရွှေညောင်ပင်ကျေးရွာတကြောကို စိုးမိုး ခြိမ်းခြောက်ထားနိုင်ပြီဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့က စစ်ကောင်စီရဲ့ ခလရ(၄၆) ဗျူဟာတပ်စခန်းအပါအဝင် တပ်စခန်း ၁၃ ခုကို မေလ ၅ ရက်နဲ့ ၆ ရက် နှစ်ရက်အတွင်းမှာ KIA က တိုက်ခိုက် သိမ်းပိုက်လိုက်ပါတယ်။ ဆွမ်ပရာဘွမ်ဗျူဟာစခန်း၊ ဝိုင်းမော်မြို့နယ် ဆမားကုန်း၊ ပုန်းလိမ်ကုန်း၊ ကဂမ်ဘွမ်၊ ဂမ်ဂယာ၊ အင်ခရမ်၊ ငါ့ဂ ယာန်၊ လိုင်ဖောင်စခန်း၊ ဖောင်ဒေါ့၊ လော့ခွမ်နဲ့ လော့ဖြိုး တို့ကို မေလ ၅ ရက်ကသိမ်းပိုက်ခဲ့ပြီး မေလ ၆ ရက်မှာ နောက်ထပ်စခန်းတစ်ခုဖြစ်တဲ့ နာမည်ကြီး ဂီဒုန်စခန်းကိုသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ဂီဒုန်တောင်ကြောဒေသဟာ ၂၀၁၆ ခုနှစ်က စစ်တပ်ရဲ့ပြင်းထန်တဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် KIA လက်လွှတ်ခဲ့ရတဲ့နေရာဖြစ်ပြီး ရှစ်နှစ်နီးပါးအကြာမှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာပါ။

KIA က ခလရ (၄၆) ဗျူဟာကုန်းကို သိမ်းပိုက်လိုက် နိုင်တာကြောင့် စစ်ကောင်စီရုံးတွေအခြေစိုက်တဲ့ ဆွမ်ပရာဘွမ်မြို့ကို ထိန်းချုပ်လိုက်နိုင်ပြီဖြစ်တယ်လို့လည်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူ ကပြောထားပါတယ်။

ဆွမ်ပရာဘွမ်မြို့ကို သိမ်းလိုက်နိုင်တာကြောင့် မြစ် ကြီးနား – ပူတာအိုလမ်းပိုင်းက စစ်ကောင်စီလမ်းကြောင်းကိုပါ ဖြတ်တောက်လိုက်နိုင်ပြီး ပူတာအိုကိုသိမ်းပိုက်နိုင်ဖို့အတွက်လည်း အလားအလာကောင်းသွားခဲ့တာတွေ့ရပါတယ်။

လက်ရှိမှာ KIA ဌာနချုပ် လိုင်ဇာ ပတ်ဝန်းကျင် အပါအဝင် ရွှေညောင်ပင်နဲ့ မိုးမောက်အကြား ဧရာဝတီမြစ်အရှေ့ဘက်ကမ်း နယ်မြေတခုလုံးကိုလည်း KIA က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ ဒါ့ပြင် မန္တလေး-မြစ်ကြီးနား ရထားလမ်း ဖြတ်သန်းရာ မိုးညှင်း-ဟိုပင် မြို့အရှေ့ဘက် ဧရာဝတီမြစ်ကမ်းအထိ နယ်မြေတကြောလုံးမှာလည်း စစ်ကောင်စီတပ်စခန်းတွေ မရှိတော့ဘဲ KIA ပူးပေါင်းတပ်တွေက နယ်မြေစိုးမိုးထားပါတယ်။ လတ်တလောအခြေအနေတွေအရတော့ KIA ပူးပေါင်းတပ်တွေအနေနဲ့ ဗန်းမော်-မြစ်ကြီးနား ရေလမ်းတလျှောက်က ဆင်ဘိုမြို့နဲ့ တာလောကြီးတို့ကိုလည်း သိမ်းပိုက်ထားပြီဖြစ်ရာ အဲဒီဒေသက

ဧရာဝတီမြစ်အရှေ့ခြမ်းနဲ့ အနောက်ခြမ်းကို လွတ်လပ်စွာအတားအဆီးမရှိ သွားလာလှုပ်ရှားနိုင်တဲ့အခြေအနေလည်းဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ဆင်ဘိုမြို့ ခလရ (၁၄၁) ဌာနချုပ်ကို KIA နဲ့ ပူးပေါင်းတပ်တွေက ဧပြီ ၂၉ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဧပြီ ၂၆ ရက်ကစပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ဆင်ဘိုမြို့နဲ့ သုံးမိုင်အကွာက ခလရ (၁၄၁)ရဲ့ ကာကင်းစခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဧပြီ ၂၉ ရက်မှာ ကာကင်း သုံးခုနဲ့ ဌာနချုပ်ကိုပါ ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ အရင်က ဆင်ဘိုနဲ့ တာလောကြီးစခန်းတွေမှာ စစ်ကောင်စီတပ်က အထိုင်ချထားတဲ့အတွက် ကောက်ကွေ့ချောင်းဘက်မှာလှုပ်ရှားတဲ့ KIA အဖွဲ့တွေသွားရေးလာရေးမှာ အခက်အခဲရှိခဲ့ပြီး အခုတော့ အဲဒီစခန်းတွေကို သိမ်းပိုက်လိုက်နိုင်တဲ့အတွက် ဌာနချုပ်လိုင်ဇာကနေ ဟိုပင် နဲ့ မိုးကောင်း၊ မိုးညှင်းအထိ ဒိုးယိုပေါက် လမ်းပေါက်သွားပါပြီ။

အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ် အခြေစိုက်ရာ ဗန်းမော်မြို့မှာလည်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ဝန်းရံပိတ်ဆို့မှုကို တဖြည်းဖြည်းခံနေရပြီ ဖြစ်ပါတယ်။

မေလ ၇ ရက်ကစပြီး KIA နဲ့ ပူးပေါင်းတပ်တွေဟာ မံစီ၊ မိုးမောက် နဲ့ ဧရာဝတီမြစ်ကူးတံတားရှိရာ စင်းခန်းရွာတို့ကို ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး မံစီနဲ့ မိုးမောက် မြို့မရဲစခန်းတွေကို သိမ်းနိုင်ခဲ့တဲ့အပြင် စင်းခန်းကျေးရွာ တပ်စခန်း၊ ဧရာဝတီတံတား(စင်းခန်း)လုံခြုံရေးစခန်းနဲ့ မံစီကနေ ဗန်းမော်ဘက်အထွက် မံရွတ်တပ်စခန်းကုန်း တို့ကို သိမ်းပိုက်ထားနိုင်ခဲ့တာတွေ့ရပါတယ်။ စင်းခန်းတံတားအတွက် စစ်ကောင်စီအင်အား ၈၀ ဝန်းကျင် လောက်နဲ့ အဓိကလုံခြုံရေးယူထားတဲ့ တာဝါကုန်းတပ်စခန်းကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်တာ ကြောင့် ကသာဘက်ကနေ ဗန်းမော်ကိုတက်လာမယ့် စစ်ကောင်စီရဲ့စစ်ကူလမ်းကြောင်းကိုလည်း ဖြတ်တောက် လိုက်နိုင်တဲ့သဘောဖြစ်ပါတယ်။ အဓိကအနေနဲ့ ဗန်းမော်-မံစီ-ရွှေကူလမ်းကြောင်းပေါ်က စင်းခန်းရွာကို သိမ်းပိုက် လိုက်နိုင်တာဟာ ဗန်းမော်ကို ကုန်းလမ်း၊ ရေလမ်းကနေ တက်လာနိုင်တဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကူနဲ့ ထောက်ပို့ ရေးလမ်းကြောင်းတွေကို ပိတ်ဆို့ဖြတ်တောက်လိုက်နိုင်တာလည်းဖြစ်ပါတယ်။

လက်ရှိမှာ KIA ထိုးစစ်ဆင်နေတဲ့ မံစီနဲ့ မိုးမောက်မြို့တို့ဟာ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁) အခြေစိုက်ရာ ဗန်းမော်မြို့ကို အနီးကပ်လုံခြုံရေးယူပေးထားတဲ့ မြို့တွေဖြစ်ပါတယ်။ မံစီမြို့မှာ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၃၁၉)နဲ့ ခမရ (၆၀၁)တို့ရှိနေတာဖြစ်ပြီး မိုးမောက်မြို့မှာ ခမရ (၄၃၇)ရှိနေပါတယ် ။ KIA အနေနဲ့ မံစီနဲ့ မိုးမောက် ရဲစခန်းတွေတို့ကိုသိမ်းပိုက်ပြီး မြို့ပေါ်ကိုတစုံတရာထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမယ့် မြို့အခြေစိုက်တပ်ရင်းတွေ ကျန်နေသေးတာတွေ့ရပါတယ်။

မေလ ၁၄ ရက်အထိ နှစ်ဘက်တိုက်ပွဲတွေပြင်းထန်နေခဲ့ပြီး KIA အနေနဲ့ မံစီနဲ့ မိုးမောက်မြို့တွေကို အလုံးစုံထိန်းချုပ်လိုက်နိုင်ပြီဆိုရင် စကခ(၂၁)ရှိနေတဲ့ ဗန်းမော်မြို့ကိုလည်း အလုံးစုံဝိုင်းပတ်ပိတ်ဆို့လိုက်နိုင်တဲ့ အနေအထားရရှိသွားမှာဖြစ်ပါတယ်။

စကခ(၂၁) ဌာနချုပ်ရှိရာ ဗန်းမော်မြို့မှာ တပ်မ(၈၈) ရှေ့တန်းတပ်ရင်းဌာနချုပ်၊ အမြောက်တပ်ရင်း အမတ(၃၆၆) နဲ့ လက်ရုံးတပ်တွေရှိနေပါတယ်။ မတ်လ ၇ ရက်မှာ လိုင်ဇာကနေစတင်ခဲ့တဲ့ KIA ရဲ့တန်ပြန်ထိုးစစ်ဟာ မေလအရောက်မှာပဲ ဗန်းမော်မြို့ကို ဦးတည်ထားပါတယ်။

လက်ရှိမှာ ဗန်းမော်မြို့ကိုကာထားတဲ့ မံစီနဲ့ မိုးမောက်မြို့တို့ကိုထောက်ထား နိုင်ခဲ့ပြီး ဗန်းမော်မြို့အောက်ဘက်က အရေးပါတဲ့ ဧရာဝတီ မြစ်ကူးတံတား (စင်းခန်း)ကိုလည်း သိမ်းယူထားပါပြီ။ စင်းခန်းကိုသိမ်းပိုက်လိုက်နိုင်တာဟာ နွေဦးတော်လှန်ရေးအဖွဲ့တခုအနေနဲ့ ဧရာဝတီ မြစ်ကူးတံတားတစီးကို ပထမဆုံးအကြိမ် ထိန်းချုပ်နိုင်မှုအဖြစ်လည်း သမိုင်းဝင်သွားခဲ့ပါတယ်။

ဗန်းမော်မြို့အောက်ဘက် ခပ်လှမ်းလှမ်းက မဘိန်းမြို့ကိုလည်းသိမ်းပိုက်ထားနိုင်သလို တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ လွယ်ဂျယ်ကိုလည်းသိမ်းပိုက် ထားနိုင်ခဲ့တာကြောင့် ဗန်းမော်မြို့ဟာ အရပ်လေးမျက်နှာကနေ ပိတ်ဆို့ခံထားရတဲ့အခြေအနေမှာရှိနေပါတယ်။

ဗန်းမော်မြို့ကို အခုလိုပိတ်ဆို့ထားနိုင်ဖို့အတွက် KIA ဟာ တိုက်ရိုက်စစ်ဆင်ရေးဗျူဟာကိုမသုံးဘဲ ကျယ်ပြန့်တဲ့ နယ်မြေတလျှောက် စစ်ကစားပြီးမှ ဆက်သွယ်ရေးလမ်းကြောင်းတွေကို အဆင့်ဆင့်ပိတ်ဆို့ဖြတ်တောက်ပစ်ခဲ့ တာဖြစ်ပါတယ်။

ကချင်စစ်မျက်နှာအပြင်ဘက်က စစ်ကိုင်းတိုင်းနဲ့ အထက်မြန်မာပြည်နယ်မြေထဲမှာလည်း စစ်ရေးလှုပ်ရှားမှုတွေလုပ်ဆောင်ထားပြီး စစ်ကောင်စီဘက်က စစ်ကူတက်လာမယ့် ယာဉ်တန်းနဲ့ စစ်ရေယာဉ် တွေကို အဆင့်ဆင့်ဖြတ်တောက်ဖို့ လုပ်ဆောင်ထားခဲ့တာဖြစ်ပါတယ်။ လက်ရှိ ဗန်းမော်မြို့ရဲ့အခြေအနေဟာ ကုန်းလမ်းရော ရေလမ်းပါ ပိတ်ဆို့ခံထားရပြီး မကြာခင်မှာ KIA နဲ့ ပူးပေါင်းတပ်တွေရဲ့ ကြီးမားတဲ့မြို့သိမ်းတိုက် ပွဲကို မြင်တွေ့ရဖို့ရှိနေပါတယ်။