စစ်အာဏာသိမ်း ၃ နှစ်ပြည့်အထိမ်းအမှတ် အေးနေဝင်း၊ ဇွဲနေဝင်းပိုင် Omni Focus က ယာဉ်လိုင်းများ အခမဲ့ ပြေးဆွဲ

ဓာတ်ပုံ- Bo Ta Htaung Scout Channel

မဇ္ဈိမ။ ။စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်ကိုထောက်ခံသည့်အနေဖြင့် အာဏာရှင်ဟောင်းဦးနေဝင်း၏ မြေးများပိုင်ဆိုင်သည့် Omni Focus ကုမ္ပဏီမှ ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ယာဉ်လိုင်းများ အခမဲ့ ပြေးဆွဲပေးနေကြောင်း ရန်ကုန်မြို့ခံများကဆိုသည်။

“ဒီနေ့ကျွန်တော်တို့စီးတဲ့ကားမှာ စာတန်းတွေကပ်ထားတယ်၊ အခမဲ့စီးနှင်းခွင့်ပြုသည်ပေါ့။ လူတွေက သတိမထားမိဘူး ပိုက်ဆံပေးတော့ အခမဲ့ပါ၊ အခမဲ့ပါဆိုပြီး ယာဉ်မောင်းကပြောတယ်။ ခရီးသည်တွေက ဘာလို့အခမဲ့လည်းပေါ့ နောက်တော့မှ ဪဆိုပြီးဖြစ်ကုန်တယ်။ ယာဉ်မောင်းတွေကလည်း အခမဲ့စီးနင်း လို့ရပါတယ်ဆိုတာ ပြောသာပြောတယ်၊ တက်တက်ကြွကြွလည်းမရှိပါဘူး” ဟု ဆူးလေ-လေဆိပ်လိုင်း အားစီးနင်းခဲ့သည့် ခရီးသည်တစ်ဦးကဆိုသည်။

ဦးနေဝင်းမိသားစုသည် Omni Focus အမည်ဖြင့် ၂၀၁၇ ခုနှစ်တွင် သယ်ယူပို့ဆောင်ကုမ္ပဏီတည်ထောင် ပြီး ရန်ကုန်မြို့အတွင်းအများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိပြီး အဆိုပါအမည် ဖြင့် ကဏ္ဍပေါင်းစုံတွင် ကုမ္ပဏီပေါင်း ရှစ်ခုမှတ်ပုံတင်ထားကြောင်း ရင်းနှီးမြှုပ်နှံ့မှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာန(DICA)ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည်။

အာဏာရှင်ဟောင်း ဦးနေဝင်း၏မြေးများအနက် အေးနေဝင်းသည် စစ်ကောင်စီက အာဏာသိမ်းမှုကို ထောက်ခံကြောင်း လူမှုကွန်ရက်တွင်ထုတ်ဖော်ပြောဆိုလေ့ရှိပြီး ဒီမိုကရေစီအရေးလှုပ်ရှားသူများအား နှိမ်ချဝေဖန်ပြောဆိုလေ့ရှိသူလည်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)၏ ကြီးကြပ်မှုဖြင့် ပြေးဆွဲနေသည့် Omni Focus ကုမ္ပဏီသည် YBS 20, 56, 82, 83, 98, 99, Airpot-Sule ယာဉ်လိုင်းများ ပြေးဆွဲလျက်ရှိသည်။

ရန်ကုန်မြို့တွင် စစ်အာဏာသိမ်းမှု သုံးနှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်သည့် ယနေ့ ဖေဖော်ဝါရီလ ၁ ရက် နေ့တွင် အသံတိတ်သပိတ် (Silent Strike)နှင့် အဖြူရောင်လှုပ်ရှားမှု (White Campaign) များ ပြုလုပ် လျှက်ရှိပြီး ရန်ကုန်မြို့အတွင်းမှ ကားကြပ်သည့်လမ်းမကြီးများပေါ်တွင် အသွားအလာမရှိသလောက် နည်းပါးကြောင်း ရန်ကုန်မြို့တွင် နေထိုင်သူများကပြောသည်။

စာတည်း။ ။စောဖေ