စစ်ကောင်စီလွတ်ငြိမ်းတွင် မွန်ပြည်နယ်မှ နိုင်ကျဉ်း ၄ ဦးသာလွတ်မြောက်

ကျိုက်မရောထောင်မှ လွတ်ငြိမ်းဖြင့် လွတ်လာသူများအား တွေ့ရစဉ် (ဓါတ်ပုံ- စစ်ကောင်စီ ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်)

YT

(မဇ္ဈိမ)။ ။ စစ်ကောင်စီ​၏ ယမန်နေ့(နှစ်ဆန်း၁ရက်နေ့) လွတ်ငြိမ်းတွင် မွန်ပြည်နယ်ရှိအကျဉ်းထောင်အသီးသီးမှ အကျဉ်းသား၂၀၄ ဦး လွတ်မြောက်လာခဲ့ပြီး နိုင်ငံရေးအကျဉ်းသား လေးဦးသာပါဝင်ကြောင်း မဇ္ဈိမမှ စုံစမ်းသိရှိရသည်။

မွန်ပြည်နယ်တခုလုံးတွင် ကျိုက်မရောထောင်မှ ပုဒ်မ၅၀၅ (က)၊ ၅၂ (ည) တို့ဖြင့် အကျဉ်းကျနေသည့် အမျိုးသမီးသုံးဦး၊ သထုံမြို့နယ်၊ ဈေးမသွယ်ထောင်မှ ပုဒ်မ ၅၀၅ (က) ဖြင့် အကျဉ်းကျနေသည့် CDM မော်တော်ပီကယ်တဦး လွတ်မြောက်လာခြင်း ဟု အကျဉ်းထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များကပြောသည်။

ကျိုက်မရောထောင်တွင် နိုင်ငံရေးအကျဉ်းသား ၅၀၀ ခန့်ရှိပြီး ပြန်လည်လွတ်မြောက်လာသူသုံးဦးမှာ အကြမ်းဖက်ဥပဒေပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် မဟန်နီကျော်သက်၊ မအိအိမိုးနှင့်မနှင်းနှင်းရီတို့ဖြစ်ကြောင်းအကျဉ်းထောင်နှင့်နီးစပ်သည့် သတင်းရင်းမြစ်တဦးကပြောသည်။

ကျိုက်မရောထောင်တွင် နိုင်ငံရေးအကျဉ်းသား ၅၀၀ နီးပါးနှင့် ဈေးမသွယ်ထောင်တွင်၂၀၀ ကျော် ရှိပြီး အများစုသည် နှစ်ရှည်‌ထောင်ဒဏ်ကျခံနေရသူ များဖြစ်သည်ဟု သိရသည်။

ဈေးမသွယ်ထောင်မှ လွတ်ငြိမ်းဖြင့် လွတ်လာသူများအား တွေ့ရစဉ် (ဓါတ်ပုံ- စစ်ကောင်စီ ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်)

စစ်ကောင်စီသည် ယမန်နေ့(ဧပြီလ ၁၇ ရက်)တွင် မြန်မာနှစ်ကူးအထိမ်းအမှတ်အနေဖြင့် နိုင်ငံတဝှမ်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသူ၊အကျဉ်းသား ၃,၃၀၃ ဦးကို လွတ်ငြိမ်းခွင့်ပြုခဲ့သည်။ ပြန်လည်လွတ်မြောက်လာသူများတွင် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၄ ရာခိုင်နှုန်းသာ ပါဝင်လာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ယနေ့(ဧပြီလ ၁၈ရက်) ထုတ်ပြန်သည်။

” ခုလို နိုင်ငံမတည်ငြိမ်တဲ့ အခြေအနေမှာ သူတို့ကို ကြိုးကွင်းပြန်စွပ်မယ့် သူတွေကို ဘယ်လွှတ်ပေးမှာတုန်း ” ဟု အကျဉ်းထောင်နှင့်နီးစပ်သူကဆိုသည်။

စစ်ကောင်စီ၏လွတ်ငြိမ်းတွင် လူသိများသည့် နိုင်ငံရေးအကျဉ်းသားများအနေဖြင့် မန္တလေးအကျဉ်းထောင်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ၏ နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း၊ မြစ်ကြီးနားထောင်မှ NLD အစိုးရလက်ထက် ကချင်ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်းနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးဇော်ဝင်း၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌ ဟောင်းဒေါက်တာ ခလမ်ဆန်ဆွန် တို့ လွတ်မြောက်လာခဲ့ကြသည်။ သို့သော် ဒေါက်တာ ခလမ်ဆန်ဆွန်ကို စစ်ကောင်စီက ညတွင်းချင်းပြန်လည်ဖမ်းဆီးထားကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)နှင့်နီးစပ်သူများက ပြောသည်။

စာတည်း – အေးချမ်း