ကောလင်းတိုက်ပွဲ ဆက်ပြင်းထန်၊စစ်ကောင်စီစစ်ကြောင်း ရှေ့မတိုးနိုင်ဟုဆို

ကောလင်းမြို့အား ကာကွယ်ရေးတပ်ဖွဲ့များသိမ်းပိုက်ပြီးနောက် ခရိုင်ရုံးအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အလံလွှင့်ထူထားသည့်မြင်ကွင်း

ရွှေနွယ်

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်သို့ ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ရှေ့ဆက်မတိုးနိုင်ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၄ရက်က စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းအင်အား ၄၀၀ ခန့်သည် မြို့၏ တောင်ဘက်နှင့် မြောက်ဘက်မှ စစ်ကြောင်းလေးကြောင်းခွဲ၍ ဝင်ရောက်လာသောကြောင့် ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားနေကြောင်း Kawlin People Defense Force – KLPDF က ယင်းနေ့ နေလယ်တွင်ထုတ်ပြန်ခဲ့သည်။ ယမန်နေ့ တနေကုန်တိုက်ပွဲဖြစ်ခဲ့ပြီး ယနေ့ ဖေဖော်ဝါရီလ ၅ရက်တွင်လည်း တိုက်ပွဲဆက်ပြင်းထန်နေကြောင်း သတင်းရရှိသည်။

“စစ်ကောင်စီ စစ်ကြောင်းရှေ့မတိုးနိုင်ဘူး။ ပစ်တာက မြို့ထဲမဟုတ်ဘူး။ မြို့ရဲ့တောင်ဘက်မှာဖြစ်နေတယ်။ လေကြောင်းမရှိပါဘူး။ (စစ်ကောင်စီ) စစ်ကူထပ်မလာသေးဘူး အခုထိတော့” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက ယနေ့ နံနက် ၁၁နာရီအချိန်ခန့်တွင် မဇ္ဈိမကိုပြောသည်။

ယမန်နေ့တိုက်ပွဲများတွင်မူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရလဒ်ကောင်းရရှိထားသည်ဟု ဒေသတွင်း တော်လှန်ရေးသတင်းများ ထုတ်ပြန်ပေးနေသည့် Kawlin Infoက ယနေ့ နံနက်၌ သတင်းထုတ်ပြန်ထားသည်။ တိုက်ပွဲဆက်ပြင်းထန်နေကြောင်းလည်း အသိပေးထားသည်။

“စစ်ကြောင်းတွေက မြို့ပေါ်တော့မရောက်သေးပါဘူး။ မြို့နားတော့မကပ်နိုင်ပါဘူး။ ဒါပေမယ့်ထိတွေ့ကတော့ဖြစ်နေတယ်” ဟု ကောလင်းမြို့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အဆက်အသွယ်ရှိသော ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးကပြောသည်။

ဒေသခံပြည်သူများမှာမူ စစ်ဘေးတိမ်းရှောင်နေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်၏ ပြောဆိုချက်အရသိရသည်။ ခရိုင်အဆင့်မြို့ကြီးဖြစ်သည့် ကောလင်းမြို့ကို ၂၀၂၃ ခုနှစ် နို၀င်ဘာလ ၆ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊အမှတ်(၁)စစ်ဒေသ၏ ကွပ်ကဲမှုဖြင့် တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။

ကောလင်းမြို့ကို ပြန်လည်ရရှိနိုင်ရန်အတွက် စစ်ကောင်စီက ဇန်နဝါရီလလယ်မှစတင်ကာ ပြန်ဆင်ခဲ့ပြီး ကန့်ဘလူမြို့အခြေစိုက်၊ အမှတ် (၆၀၀၆)အမြောက်တပ်ရင်း၊ ၀န်းသိုမြို့ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ(၁၁၁)နှင့် ခမရ (၁၂၀)တပ်ရင်းများ၌ စစ်အင်အားဖြည့်တင်းခြင်း၊ လက်နက်ခဲယမ်းဖြည့်တင်းခြင်းများလုပ်ဆောင်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှသိရသည်။

ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာလ ၁၀ ရက်ကလည်း စစ်ကောင်စီလက်အောက်ခံ ကန့်ဘလူမြို့ရှိ ၅၅၀ ဆရာတော်ဦးဝါသဝ၏ လက်အောက်ခံပျူစောထီးအများအပြားသည် ကောလင်းမြို့ဘက်သို့စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲ၌ စစ်ကောင်စီဘက်မှ၈၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်း MOD သတင်းထုတ်ပြန်ခဲ့ဖူးသည်။ ယခုအခါ ဒုတိယအကြိမ်မြောက်စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

ကောလင်းမြို့ကို ယမန်နေ့ နေ့လယ် ၂ နာရီမှစ၍ တိုက်ခိုက်နေခြင်းဟုစစ်ကောင်စီကိုထောက်ခံရေးသားနေသည့် တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသည်။

ကောလင်းမြို့တိုက်ပွဲနှင့် ပတ်သက်၍ ယနေ့ နေ့လယ် ၁၂နာရီအထိ နောက်ဆုံးသိရသော သတင်းအရ
ကောလင်းမြို့နယ်အစပ်ကျေးရွာများဖြစ်သော အင်တပင်အောင်းကုန်း၊ ဇီးဖြူရွာ၊အလယ်ခုန်ရွာနှင့်ဥရှစ်ခုန်ရွာ၊ဝါးရုံခုန်ရွာ၊ဆီဆုံရွာနှင့်လှည်းပွဲရွာတို့မှတဆင့် စစ်ကောင်စီအင်အား ၈၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေကြောင်း တော်လှန်ရေးအင်အားစုများ၏ သတင်းထုတ်ပြန်ရေးစာမျက်နှာ Kawlin Revolution-KR ကထုတ်ပြန်ထားသည်။

ကောလင်းမြို့သည် ဝန်းသို၊ ကန့်ဘလူ၊ ကျွန်းလှ၊ ပင်လည်ဘူး၊ ထီးချိုင့်၊ သပိတ်ကျင်းမြို့တို့နှင့် နယ်နိမိတ်ချင်းထိစပ်‌နေပြီး အမျိုးသားညီညွတ်ရေးအစိုးရက ပထမဆုံးသိမ်းပိုက်ရရှိသောမြို့ဖြစ်သည်။

စာတည်း – အေးချမ်း