မြန်မာ့အကျပ်အတည်း ဖြေရှင်းရာမှာ ထောက်ခံကူညီဖို့ EU ကို ထိုင်း တောင်းဆို

မြန်မာနိုင်ငံ အကျပ်အတည်း ကိုင်တွယ်ဖြေရှင်းရာမှာ အီးယူအနေနဲ့ ထောက်ခံကူညီပေးဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က ဥရောပ သမဂ္ဂ(အီးယူ) ကို တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့ မှာ သောကြာနေ့ ကျင်းပတဲ့ ၂၄ ကြိမ်မြောက် အာဆီယံ-အီးယူ ဝန်ကြီးအဆင့် အစည်းအဝေးမှာ မစ္စတာ Parnpree Bahiddha-Nukara က ခုလို တောင်းဆိုခဲ့တာပါ။

ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခတွေကို ရင်ဆိုင်နေရစဉ် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းရေးအတွက် စုပေါင်းချဉ်းကပ်မှုလုပ်ဆောင်ကြဖို့ အာဆီယံနဲ့ အီးယူအကြား နှစ်ဦးနှစ်ဖက် ဆက်ဆံရေးဆိုင်ရာ ဆွေးနွေးမှုတွေလုပ်ခဲ့တဲ့ အစည်းအဝေးအတွင်း မစ္စတာ Parnpree က တောင်းဆိုခဲ့ပါတယ်။

မြန်မာ့အကျပ်အတည်း အဖြေရှာရေးမျှော်လင့်ပြီး မြန်မာနိုင်ငံက ပါဝင်ပတ်သက်နေတဲ့အဖွဲ့တွေ အားလုံးနဲ့ နိုင်ငံတကာအသိုက်အဝန်းကြား အပြုသဘောစကားပြောကြဖို့အတွက် ပထမ ခြေလှမ်းငယ်အဖြစ် ထိုင်းနိုင်ငံ ကမကထပြုနေတဲ့ လူသားချင်းစာနာထောက်ထားရေးကို အီးယူက ထောက်ခံပံ့ပိုးဖို့ မျှော်လင့်ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အဖြေတစ်ခုရှာဖွေရေး မျှော်လင့်ပါကြောင်းလည်း မစ္စတာ Parnpree က မြန်မာ့အခြေအနေကို ဆွေးနွေးရာမှာပြောကြားခဲ့ပါတယ်။

အပြောင်းအလဲတွေ ဖြစ်ပေါ်လာဖို့ အာဆီယံနဲ့ အီးယူ အတူတကွ လုပ်ဆောင်ရပါမယ် လို့လည်း သူက ဆိုပါတယ်။

ကမ္ဘာ့ ပဋိပက္ခ နဲ့ ရင်ဆိုင်နေကြတဲ့အခါ ငြိမ်းချမ်းရေး တည်ငြိမ်ရေးအတွက် အစုအပေါင်းသဘော ချဉ်းကပ်ပုံ နဲ့ ချဉ်းကပ်ဖို့ မစ္စတာ Parnpree က ဆွေးနွေးခဲ့ပါတယ်။

ဥရောပသမဂ္ဂ (အီးယူ) အနေနဲ့ သူ့ရဲ့အဖွဲ့ဝင်နိုင်ငံတွေမှာ မြန်မာနိုင်ငံသားတွေ ခိုလှုံခွင့်လွယ်ကူစေရေးအကူအညီပေးဖို့ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ဂျာမန်သွေးစည်းညီညွတ်ရေးကလည်း တောင်းဆိုထားပါတယ်။

ဒါ့အပြင် အီးယူ အနေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ခံမှုမြှင့်တင်ဖို့နဲ့ သူတို့ကနေတဆင့် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပေးပို့နိုင်ဖို့အတွက်လည်း တောင်းဆိုထားပါတယ်။

မြန်မာစစ်ကောင်စီပေါ်ချမှတ်တဲ့ မူဝါဒတွေကို ပြန်လည်သုံးသပ်ဖို့ ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂတွေကလည်း အီးယူ-ဥရောပသမဂ္ဂကို စစ်အာဏာသိမ်း သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်က တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံ နေရာ အနှံ့အပြားမှာ အာဏာသိမ်း စစ်ကောင်စီဘက်က ရွာတွေကို ဗုံးကြဲ ဖျက်ဆီးနေတာ အပါအဝင် ရက်စက်ကြမ်းကြုတ်မှုတွေ နေ့စဉ်ရက်ဆက် ကျူးလွန်နေချိန်မှာ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ အပါအဝင် နိုင်ငံတကာက ပြင်းထန်တဲ့ ရှုတ်ချပြောဆိုမှုတွေ၊ ကြေညာချက်တွေထက်ပိုတဲ့ အရေးယူ ဆောင်ရွက်မှုတွေလိုနေကြောင်းနဲ့ မြန်မာစစ်ကောင်စီပေါ်ချမှတ်တဲ့ မူဝါဒတွေကို ပြန်လည်သုံးသပ်ဖို့ တိုက်တွန်းနေကြတာဖြစ်ပါတယ်။