နိုင်ကျဥ်း ၁၂ ဦးအပါအဝင် လွိုင်ကော်ထောင်ရှိ လွတ်ရက်စေ့ပြီးသား အကျဉ်းသားများ ပြန်လည်လွတ်မြောက်

ပုံအညွှန်း- လွိုင်ကော်အကျဉ်းထောင် ပုံဟောင်း

ပုံအညွှန်း- လွိုင်ကော်အကျဉ်းထောင် ပုံဟောင်း

ဂျူချန်း

(မဇ္ဈိမ)။ ။ကရင်နီပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၂ ဦးအပါအဝင် လွတ်ရက်စေ့ပြီးသား အကျဉ်းသားစုစုပေါင်း ၆၅ ဦးကို စစ်ကောင်စီမှ ပြန်လွှတ်ပေးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ယနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)နှင့် ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး(KPPA)တို့ ပူးပေါင်းကာ လွိုင်ကော်ထောင်မှ လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားများကို စစ်ကောင်စီမှ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး မီဒီယာများမှလည်း သတင်းဖော်ပြခဲ့သည်။

ဖေဖော်ဝါရီ ၄ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ သတင်းစာများနှင့် တယ်လီဂရမ်ချန်နယ်များတွင် ပြန်လည်ပို့ဆောင်ရန် ယာဉ်အခက်အခဲရှိသည်ဟုဆိုကာ ဆက်လက်ထိန်းသိမ်းထားကြခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့နောက် ဖေဖော်ဝါရီ ၅ ရက်နေ့တွင်မှ လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“ကောလာဟလဆို ကောလာဟလအတိုင်းပဲ ရှိနေမယ်။ ဒါပေမယ့် ကျနော်တို့ဘက်က ထုတ်ပြန်ပြီးမှသာ ဒါတွေကို တုံ့ပြန်ပြီးမှ ပြန်လွှတ်ပေးတယ်။ သူတို့ပို့ဆောင်ရေးယာဉ်မရှိဘူးလို့ ပြောရအောင်လည်း အကျဉ်းသားတွေအားလုံးက ကိုယ့်စရိတ်နဲ့ကိုယ် ပြန်ရတာချည်းပဲ။ သူတို့က အိမ်တိုင်ရာ ရောက်ပို့ပေးတဲ့ system လည်း မြန်မာနိုင်ငံမှာ မကျင့်သုံးပါဘူး။ အဲ့တော့ သူတို့ရဲ့ တုံ့ပြန်ချက်က မှားယွင်းနေတယ်လို့ ကျနော်တို့ ထောက်ပြချင်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် လွတ်ရက်စေ့ပြီးသား အကျဉ်းသားများအားလုံး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်းလည်း ကိုသိုက်ထွန်းဦးက ပြောသည်။
ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသား ၆၅ ဦးတွင် နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် စိုင်းဝဏ္ဏ၊ ရဲထွန်းနိုင်၊ မောင်ဝိုင်း၊ စောအယ်ထောနယ်ဆွီ၊ ဆာကာရီးရာ၊ ဆာဘလုမူး၊ ဆူရယ်၊ သန်းကိုစတီးနိုး၊ အာကာပတေရု၊ ကလောရယ်၊ မြာရယ်နှင့် ဒေါ်လင်းလင်းခိုင်တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လွတ်ရက်စေ့ပြီးသား အကျဉ်းသူ၊ အကျဉ်းသားများ ပြန်လည်လွတ်မြောက်လာသော်လည်း လွိုင်ကော်အကျဉ်းထောင်တွင်း ကျန်ရှိနေသည့် အကျဉ်းသားများသည် အစားအသောက်နှင့် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိကြောင်းနှင့် အကျဉ်းသားများအားလုံးကို ဆန်ကြမ်းနှင့် ငါးပိများသာ နေ့စဉ်ရက်ဆက်ကျွေးခြင်း၊ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့အထိ နှစ်လနီးပါး အကျဉ်းသားများကို အခန်းတွင် ပိတ်လှောင်ထားသဖြင့် ကိုယ်လက်အင်္ဂါ ချိနဲ့ခြင်းများ ရှိနေသဖြင့် လုံလောက်သောအစားအသောက်နှင့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိရန် အထူးအလေးထား ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ တောင်းဆိုထားသည်။

လက်ရှိတွင် လွိုင်ကော်အကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၄၀၀ ခန့် ကျန်ရှိနေသေးကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)