စစ်ကောင်စီကား၂စီး မိုင်းဆွဲခံရ၊ အများအပြားသေဆုံး၍ ပါလာသည့်စစ်သုံးဒရုန်းတချို့ ပျက်စီး

ပုံစာ/စစ်ကောင်စီအသုံးပြုနေသည့်ဒရုန်းနှင့်ဗုံးသီးများ

ပုံစာ/စစ်ကောင်စီအသုံးပြုနေသည့်ဒရုန်းနှင့်ဗုံးသီးများ

(မဇ္ဈိမ)။ ။ မကွေးတိုင်း၊ ပခုက္ကူမြို့မှ မင်းတပ်၊ ကျောက်ထု၊ ထီးလင်းဘက်မြို့များသို့ ဦးတည်ပြီးတက်လာသည့် စစ်ကောင်စီယာဉ်တန်းများထဲမှ မတ်လ၂၇ ရက်နေ့တွင် ယာဥ် နှစ်စီး မိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်သားများထိခိုက်သေဆုံးမှုများပြားသည့်အပြင် ဗုံးကြဲဒရုန်း အစီး ၃၀ ကျော်ထဲမှ တဝက်ကျော်ခန့် ပျက်စီးသွားကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ စစ်ယာဉ်တန်းတွင် ယာဉ်အစီးရေ ၁၀၀ ကျော်ပါဝင်ပြီးယာဉ်တန်းနှင့်အတူ သင်တန်းဆင်းစစ်ကောင်စီတပ်သားများ၊ ရဲတပ်သားများနှင့်အတူ ဒရုန်းသင်တန်းဆင်းများပါဝင်ပြီး ဗုံးကြဲဒရုန်း အစင်း ၃၀ကျော်ပါဝင် သည်ဟုလည်း သိရသည်။

‘’အခုရက်ပိုင်း မင်းတပ်တိုက်နယ်ဖက်ခြမ်းတွေမှာရှိတဲ့ ရွာတွေကို ဒရုန်းတွေနှင့်ညတိုင်း ကင်းထောက် တာတွေရှိတယ်။ အရင်ကတော့ ကင်းထောက်ဒရုန်းတွေကို ကျောက်ထုလေယာဉ်ကွင်းကနေ အတက်အဆင်း လုပ်ကြတာများတယ်။ အခုတော့ မင်းတပ်မြို့ပေါ်တပ်ရင်း(၂၇၄ )ထဲမှာကို ဒရုန်းတွေ အတက်အဆင်းလုပ်နေကြပြီ” ဟု မင်းတပ်ဒေသခံတဦးက ဆိုသည်။

မင်းတပ်မြို့နယ်ထဲရှိ တိုက်နယ်ကျေးရွာများအတွင်း ယခုမတ်လအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ကျော်အထိရှိခဲ့ပြီး၊အဆိုပါလေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား သေဆုံးသူ လေးဦးအထိရှိပြီး နေအိမ်၊ စာသင်ကျောင်းနှင့် ဘာသာရေးအဆောက်အအုံ ၂၀ကျော် ပျက်စီးခဲ့ရသည်ဟုလည်း သိရသည်။

အဆိုပါ ယာဉ်တန်းသည် ချင်းပြည်နယ်နှင့် ယောဒေသသို့ ဦးတည်ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရသည်။တိုက်ပွဲများဖြစ်ပွားလာနိုင်၍ ခရီးသွားပြည်သူများအနေဖြင့် ပေါက်-ပခုက္ကူလမ်းပိုင်းအား ယခုရက်ပိုင်း၌ အသုံးမပြုကြရန် ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မတ်လ ၂၆ရက်တွင် သတိပေးထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်စက်တင်ဘာလကလည်း စစ်ကောင်စီတပ်သည် အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ်မှတဆင့် ကားအစီးရေ ၈၀ခန့်ဖြင့် ချင်းတောင်ဘက်သို့ ဦးတည်ထွက်ခွာလာစဉ် ပေါက်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။ ထိုစဉ်က စစ်ကောင်စီယာဥ်တန်းသည် တလခန့်ကြာ ပိတ်မိနေခဲ့ပြီး စစ်သား ၇၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသတင်းထုတ်ပြန်ခဲ့သည်။

စာတည်း – သန့်ဇော်(သန်လျင်)