တောင်ငူတွင် အိမ်ငှားခ မြင့်တက်လာ၍ စစ်ဘေးရှောင်များ အခက်ကြုံ

ပုံအညွှန်း- ပုဂ္ဂလိကအကူအညီဖြင့် ဇရပ်ကြီးစစ်ဘေးရှောင်များအတွက် ဆောက်လုပ်ထားသည့် ယာယီစစ်ဘေးရှောင်စခန်းတခု (ဓါတ်ပုံ- Phyo Theint Khaing)

ပုံအညွှန်း- ပုဂ္ဂလိကအကူအညီဖြင့် ဇရပ်ကြီးစစ်ဘေးရှောင်များအတွက် ဆောက်လုပ်ထားသည့် ယာယီစစ်ဘေးရှောင်စခန်းတခု (ဓါတ်ပုံ- Phyo Theint Khaing)

YT

(မဇ္ဈိမ) ။ ။ပဲခူးတိုင်း၊ တောင်ငူမြို့တွင် အိမ်ငှားခ မြင့်တက်လာမှုကြောင့် စစ်ဘေးရှောင်သူများ အခက်ကြုံနေရသည်ဟု စစ်ဘေးရှောင် အကူအညီပေးသူနှင့် ဒေသခံထံက သိရသည်။

“တချို့က ခုနစ်သောင်းတန်ကို တသိန်းကျော်သွားပြီ၊ တသိန်းတန်ကို တသိန်းခွဲ နှစ်သိန်းနှုန်းအထိအဆမတန်တောင်းတယ်။ တသိန်းခွဲတန်ဆို နှစ်သိန်းခွဲ၊ သုံးသိန်းအထိ အဲ့ဒီလိုတွေပေါ့။ ဒုက္ခသည်တွေက မဖြစ်မနေ ငှားရတော့မှာမို့လို့ အဲ့ဒီလိုတွေ အဆမတန် တောင်းတာတွေကတော့ မကောင်းဘူးပေါ့နော်”ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသည့် အမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့မှစ၍ ဇရပ်ကြီးမြို့အနီးဖြစ်ပွါးသည့် တိုက်ပွဲများကြောင့် ဇရပ်ကြီးမြို့ခံများအပါအဝင် အနီးအနား ကျေးရွာများမှ သောင်းချီသည့် ဒေသခံများသည် တောင်ငူမြို့နယ်ဘက်သို့ စစ်ဘေးရှောင်လာကြခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ စစ်ဘေးရှောင်အများစုမှာ တောင်ငူမြို့နယ်ရှိ ဘုန်းကြီးကျောင်းများ၊ ပုဂ္ဂလိကအလှူရှင်များ စီစဉ်ပေးသည့် နေရာများတွင် စုဝေးနေကြပြီး အချို့မှာ တောင်ငူမြို့တွင် အိမ်ငှားနေရန် စီစဉ်ကြသော်လည်း အိမ်ငှားခများ ယခင်ကထက် မြင့်တက်လာ၍ အိမ်ငှားရန် မတတ်နိုင်ဘဲ အခက်အခဲကြုံနေရကြောင်း သိရသည်။

အိမ်ငှားခသည် အဆောင်တခန်းလျှင် ယခင်က ငါးသောင်းဝန်းကျင်သာ ပေါက်ဈေးရှိခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း တသိန်းခွဲအထိ မြင့်တက်လာခဲ့ပြီး တထပ်လုံးချင်းအိမ် တလုံးလျှင် တသိန်းခွဲမှ သုံးသိန်းအထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။

“တောင်ငူမှာပဲ အဖြစ်များတာတွေ့ရတယ် စစ်ဘေးရှောင်တွေက တောင်ငူပဲ အများဆုံးပြေးကြတာဆိုတော့လေ တခြားမြို့တွေတော့မသိဘူး မကြားမိဘူး။ တချို့ကျတော့လည်း မဖြစ်မနေငှားရတော့မှာမို့ အခွင့်ကောင်းယူပြီး စျေးတွေပိုတောင်းနေကြတာပါ။ ငှားနေဖို့လည်း ငွေမပါတော့ အဆင်မပြေကြဘူးလေ ။ဘုန်းကြီးကျောင်းတွေကိုပဲ သွားကြရတာ” ဟုဒေသခံ အမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။

အိမ်ငှားခမြင့်တက်ခြင်းအပြင် အိမ်ရှင်များက အိမ်ကို သုံးလချုပ်၊ ခြောက်လချုပ်၊ တနှစ်ချုပ် စသည့် စာချုပ်များ ချုပ်မှသာ ငှားမည်ဟု ပြောဆိုခြင်းများလည်းရှိကြောင်း ဒေသခံများထံက သိရသည်။

ဇရပ်ကြီးမြို့တွင်းမှ အခြားနေရာများသို့ သွားသည့်လမ်းတလျှောက်ရှိ စစ်ကောင်စီတပ်ဖွဲ့၏ စစ်ဆေးဂိတ်များက အချိန်အကန့်အသတ်ဖြင့်သာ သွားလာခွင့်ပေးထားသည်ဟု ဒေသခံက ပြောသည်။

လက်ရှိတွင် ဇရပ်ကြီးမြို့တဝိုက်၌ နှစ်ဖက် ထိတွေ့ပစ်ခတ်ခြင်းများ မရှိသော်လည်း ယမန်နေ့က စစ်ကောင်စီမှ ဇရပ်ကြီးမြို့သို့ အင်အား ထပ်မံဖြည့်တင်းခြင်းများရှိနေ၍ တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်ရသည်ဟု ဒေသခံကပြောသည်။

စာတည်း ။ ။ ဖူးသိမ်ကျ