ကျောက်တံခါးမြို့မှ စစ်ကောင်စီဂိတ် ၂ ခုကို ပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်မှု ၁၆ ဦး သေဆုံး

ပုံအညွှန်း- တောင်ပိုင်းတိုင်းစစ်ဒေသ ရှေ့တန်းစစ်မြေပြင်တနေရာမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ (ဓါတ်ပုံ- Royal Peacock Column၊ ပုံဟောင်း)

ပုံအညွှန်း- တောင်ပိုင်းတိုင်းစစ်ဒေသ ရှေ့တန်းစစ်မြေပြင်တနေရာမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ (ဓါတ်ပုံ- Royal Peacock Column၊ ပုံဟောင်း)

YT

(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ကျောက်တံခါးမြို့ရှိ စစ်ကောင်စီဂိတ်နှစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ၁၆ ဦးသေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ဇွန်လ ၂၅ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်က ကျောက်တံခါးမြို့၊ ဈေးပိုင်းရပ်ကွက် (၁)လမ်းရှိဂိတ်နှင့် ဈေးပိုင်းရပ်ကွက် (၂) လမ်းထိပ်ရှိ စစ်ကောင်စီဂိတ်တို့ကို KNLA နှင့် PDF ပူးပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်ရာမှ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။

“တချိန်တည်း ဂိတ်နှစ်ခုကို ဝင်စီးတာ၊ အထဲကကောင်တွေကလည်း ပြန်ဆော်တယ်။ ဒါပေမယ့် ကျနော် တို့က အသာစီးနဲ့ လက်ဦးမှုရသွားတာဆိုတော့ သူတို့ဘက်ကတော်တော်ထိတယ်”ဟု စစ်ရေးသတင်းရင်း မြစ်ကပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ၁၆ ဦး သေဆုံး၍ KNLA နှင့် PDF ပူးပေါင်းတပ်မှ ရဲဘော် တဦးကျဆုံးခဲ့ကြောင်း သိရသည်။

“အဲ့ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ၁၆ ဦးသေဆုံးတယ်လို့တော့ ကြေးနန်းသတင်းရ ထားတယ်”ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ ဒု- စစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ ပစ်ခတ်မှုများအပြီး နံနက် ၂ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်က ခလရ (၂၆၄)မှ လက်နက် ကြီးပစ်ကူများအသုံးပြုကာ စစ်ကားငါးစီးဖြင့် ကျောက်တံခါးမြို့ပေါ်သို့ အင်အားဖြည့်တင်းထားကြောင်း သိရသည်။

“ကြီးကြီးမားမား ထိုးစစ်ဆင်လာတာတော့ မရှိဘူး။ ပြန်ပြီးတော့ မြို့ကိုကာတဲ့သဘောတော့ရှိတယ်” ဟု ရဲဘော်တင်ဦးက ဆက်ပြောသည်။

ဇွန်လ ၂၅ ရက်နေ့၊ နံနက် ၁ နာရီက ဂိတ်နှစ်ခုပစ်ခတ်ခံရမှုအတွင်း ခလရ(၂၆၄)နှင့် စစ်ကောင်စီတပ်ဖွဲ့ အထိုင်ချနေရာများမှ လက်နက်ကြီးများပစ်ကူခဲ့ရာ ဈေးပိုင်းရပ်ကွက်၊(၃)လမ်းရှိ နေအိမ်တလုံးပေါ်သို့ကျ ရောက်ပေါက်ကွဲပြီး သက်ကြီးဇနီးမောင်နှံအနက် အမျိုးသားဖြစ်သူသေဆုံး၍ အမျိုးသမီးဖြစ်သူ ဒဏ်ရာရ ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံက သိရသည်။

စာတည်း။ ။စောဖေ