တော်လှန်ရေးစကားဝိုင်းက ရုပ်သံကိုပြုပြင်ဖန်တီးထားတဲ့ သတင်းအမှား

ZZ

(မဇ္ဈိမ) ။ ။ တော်လှန်ရေးစကားဝိုင်းတစ်ခုက ရုပ်သံကို ပြန်လည်ပြုပြင်ပြီး မလေးရှားမှာ ဖွင့်ထားတဲ့ NUG ရုံး စီးနင်းခံရပြီး ရုံးဥက္ကဋ္ဌ အဖမ်းခံလိုက်ရတယ်ဆိုတဲ့ သတင်းတစ်ခု လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

ကျော်စွာချန်နယ်ကနေ ဖေဖော်ဝါရီ ၇ ရက်နေ့က “နီပိတ်တွေနားထောင်” ဆိုတဲ့ စာသားနဲ့အတူ ရုပ်သံဖိုင်တစ်ခုကို ဖြန့်ဝေထားပါတယ်။

၄၃စက္ကန့် ကြာမြင့်တဲ့ အဲ့ဒီရုပ်သံဖိုင်ကတော့ အွန်လိုင်းဆွေးနွေးပွဲ တခုမှာ မျက်နှာဖုံးအုပ်ထားတဲ့လူတစ်ယောက်က “မလေးရှားနိုင်ငံမှာ NUG ရုံးဖွင့်ထားတယ်။ အဲ့ရုံးကို မလေးရှားရဲတွေက စီမံချက်နဲ့ ဝင်ဖမ်းတဲ့အခါမှာ ဥက္ကဋ္ဌကတော့ အဖမ်းခံရတယ်။ အတွင်းရေးမှူးကတိုက်ပေါ်ကခုန်ချတာ ခြေနှစ်ချောင်းကျိုးသွားတယ်လို့” ပြောဆိုထားတာပါ။ အဲ့ဒီရုပ်သံဖိုင်ကို ကြည့်ရှုသူ ၅၀,၀၀၀ ကျော်ရှိနေပြီဖြစ်ပြီး တယ်လီဂရမ် ချန်နယ် နဲ့ ဂရု ၈ ခုမှာ ပျံ့နှံ့နေပါတယ်။

မဇ္ဈိမက အဲ့ဒီရုပ်သံဖိုင်နဲ့ပတ်သက်ပြီး ရှာဖွေတဲ့အခါမှာ မမများနဲ့ပွဲကမယ်ဆိုတဲ့ တော်လှန်ရေးထောက်ပို့ ဖေ့စ်ဘုတ်စာမျက်နှာတစ်ခုက ဖေဖော်ဝါရီ ၁ရက်နေ့က ပြုလုပ်တဲ့ “တက်စုံဖွင့် ရွက်ကုန်လွှင့်” စကားဝိုင်း ကို တိုက်ရိုက်တင်ဆက်ထားတဲ့ ရုပ်သံကို ပြန်လည်ပြုပြင်ထားတာတွေ့ရပါတယ်။

ဒီစကားဝိုင်းမှာ ဒေါက်တာဖြိုးသီဟ၊ ဦးမင်းကိုနိုင်၊ ဒေါက်တာတေဇာဆန်း၊ ဦးနေဘုန်းလတ်၊ ဦးနိုင်ထူးအောင်၊ ပန်ဆယ်လို၊ ကိုထက်မြက်၊ ကိုလင်းထက်အောင်၊ ဟေဇယ်ပန် နဲ့ ကိုဇင်ဇေတို့ ပါဝင်ခဲ့ကြပြီး မျက်နှာဖုံး အုပ်ထားတဲ့သူ မပါဝင်တာကိုတွေ့ရပါတယ်။

စကားဝိုင်းဟာ လေးနာရီ နီးပါး ကြာမြင့်ပြီး သုံးနာရီနဲ့မိနစ် ၂၀ လောက်မှာ ပန်ဆယ်လိုရဲ့ ပြောကြားမှုကို အပေါ်ကနေ မျက်နှာဖုံးအုပ်ထားတဲ့သူကို ထပ်ဖုံးထားတဲ့အပြင် အသံတစ်ခုကိုပါထည့်သွင်းဖော်ပြထားတာပဲ ဖြစ်ပါတယ်။

ပန်ဆယ်လိုပြောကြားချက်နဲ့ မျက်နှာဖုံးအုပ်ထားတဲ့သူရဲ့ပြောကြားချက်တွေမှာ အခြားသူတွေရဲ့ အစဉ်လိုက် ပုံတွေဟာတူညီနေတာကြောင့် ဒါဟာ ပန်ဆယ်လိုပြောကြားချက်ကို ပြန်လည်ပြုပြင်ဖန်တီးထားတာ ဖြစ်တယ်လို့ သိနိုင်ပါတယ်။

သူတို့နှစ်ဦးရဲ့ ပြောကြားချက်ကို နားစဉ်ကြည့်လိုက်ကြရအောင်ပါ။
ဒါ့အပြင် မလေးရှားမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ရုံးဖွင့်လှစ်ထားခြင်းမရှိသေးပါဘူး နောက်ဆုံးသိရှိထား တဲ့ သတင်းတွေအရ အမျိုးသားညီညွတ်ရေးအစိုးရဟာ နိုင်ငံခြားရေးကိုယ်စားလှယ် ရုံးအနေနဲ့ နိုင်ငံ ရှစ်ခု မှာပဲ ဖွင့်လှစ်ထားရပါ သေးတယ်။

အဲ့ဒါတွေကတော့ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့၊ နော်ဝေ၊ ဗြိတိန်၊ ပြင်သစ်၊ ချက်သမ္မတနိုင်ငံ၊ ဩစတြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာ ဖွင့်လှစ်ထားတာဖြစ်တယ်လို့ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ ၁၄ရက်နေ့က BBC မြန်မာပိုင်း သတင်းမှာ ဖော်ပြထားပါတယ်။

မလေးရှားမှာ ရှိနေတဲ့ ချင်းအဖွဲ့အစည်း တခုကို မဇ္ဈိမက မေးမြန်းတဲ့အခါမှာလည်း မလေးရှားမှာ NUG ရုံး ဖွင့်ထားတာ မရှိကြောင်း အတည်ပြုပါတယ်။

ဒါ့ကြောင့် မလေးရှားက NUG ရုံးကို မလေးရှားရဲကဝင်ဖမ်းတယ်ဆိုတဲ့ အကြောင်းအရာဟာလဲ မဟုတ်မမှန် သလို ပြောနေတဲ့ ရုပ်သံဟာလဲ တော်လှန်ရေးစကားဝိုင်းတစ်ခုကို ပြန်လည်ပြုပြင်အစားထိုးဖန်တီးထားတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။

မဇ္ဈိမရဲ့ သတင်းဖတ်ရှုသူများအနေနဲ့ သတင်းတုလို့ သံသယရှိတဲ့ အချက်အလက်တွေ၊ သတင်းဆောင်းပါးတွေ၊ သတင်းမှားတွေကို ဒီလင့် ” t.ly/AjFbz ” ထဲဝင်ပြီး ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါတယ်။