နေပြည်တော်ကောင်စီဝင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးများ ရာထူးမှ ဖယ်ရှားခံရ

ပုံအညွှန်း- ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး(ဟောင်း) ရဲမှူးကြီး သက်လွင် စစ်တွေမြို့လမ်းများအား စစ်ဆေးစဉ်

001

(မဇ္ဈိမ)။ ။ စစ်ကောင်စီလက်အောက်ခံ နေပြည်တော်ကောင်စီဝင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးများကို ရာထူးမှ ဖယ်ရှားပြီး ၎င်းတို့နေရာတွင် အစားထိုးခန့်အပ်မှုများကို ပြုလုပ်ကြောင်း စစ်ကောင်စီဝါဒဖြန့် မြဝတီရုပ်သံက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကြေညာသည်။

နေပြည်တော်ကောင်စီဝင် ရဲမှူးကြီး ကိုကိုလွင်နေရာတွင် ဦးမင်းဦးဆိုသူအား ခန့်အပ်ခဲ့ပြီး ကချင်၊ ကရင်နီ၊ကရင်၊ စစ်ကိုင်း၊တနင်္သာရီ၊ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ ရခိုင်၊ ရန်ကုန်၊ ရှမ်းနှင့် ဧရာဝတီစသည့် တိုင်းနှင့် ပြည်နယ်တို့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးများနေရာတွင်လည်း အရပ်သားများကို အစားထိုးခန့်အပ်ခဲ့သည်ကို တွေ့ရသည်။

ရဲမှူးကြီး စိုးလွင်မိုးတဦးသာလျှင် ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအဖြစ် ရာထူးမပြောင်းလဲဘဲ ကျန်ရှိခဲ့သည်။

တဖန် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မျိုးဝင်းအစား ဗိုလ်မှူးကြီး ရဲမိုးအား အစားထိုး တာဝန်ပေးကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်သည်။

ယခုဖယ်ရှားခံလိုက်ရသည့် ဗိုလ်မှူးကြီး မျိုးဝင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့ကမှ ဗိုလ်မှူးကြီး မင်းနောင်နေရာသို့ အစားထိုးဝင်ရောက်လာသူဖြစ်ပြီး ရက်ပိုင်းအတွင်းပင် ဖယ်ရှားခံလိုက်ရ ခြင်းဖြစ်သည်။

နောက်ထပ် သုံးဦးမြောက်အဖြစ် ဖယ်ရှားခံရသည့် နေပြည်တော်ကောင်စီဝင်မှာ ဦးအောင်ခိုင်ဆွေဖြစ်ပြီး ၎င်းနေရာတွင် ဦးဟန်သူကို ခန့်အပ်ကာ ကချင်၊ ကရင်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မန္တလေး၊ မွန်၊ ရန်ကုန်၊ ရှမ်းနှင့် ဧရာဝတီတို့မှ လူမှုရေးရာဝန်ကြီးများနေရာတွင်လည်း အစားထိုးခန့်အပ်ကြောင်း ကြေညာထားသည်။

ကရင်နီ၊ချင်း၊ မကွေးနှင့် ရခိုင်တို့မှ လူမှုရေးရာဝန်ကြီးများ အပြောင်းအလဲမရှိပေ။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်အဖြစ် ဒေါ်ဖြူမာဝေကို ခန့်အပ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်နေ့က အရေးပေါ်ကာလ ခြောက်လထပ်မံသက်တမ်းတိုးပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ဥက္ကဋ္ဌ အပါအဝင် နေရာအချို့အပြောင်းအလဲပြုလုပ်ခဲ့ပြီး ယခု ထပ်မံဆောင်ရွက်လာခြင်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး